ဆော်ဒီ ပရိုလိဂ် ကလပ်အသင်း အယ်လ် ဟီလယ်ကတော့ ကီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ မလွယ်ကူနိုင်တော့တာကြောင့် ဘာပေအစား နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မန်ကိုသာ ပြောင်းလဲ စိတ်ဝင်စားလာခဲ့တယ်လို့ ပြင်သစ် သတင်းမီဒီယာ L’Equipe က ဖော်ပြလာခဲ့ပါတယ်။

အယ်လ် ဟီလယ်အသင်းက ဘာပေကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ယူရို သန်း (၃၀၀)နဲ့ ကမ်းလှမ်းထားတဲ့အပြင် ဘာပေအတွက်လည်း တစ်နှစ် လုပ်ခအဖြစ် ယူရို သန်း (၇၀၀)အထိ ပေးချေသွားဖို့ပါ ပြင်ဆင်ထားပေမယ့် ဘာပေကတော့ ဆွေးနွေး ညှိနှိုင်းဖို့ပါ ဆန္ဒမရှိပဲ ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Football Trasfers

ဒါကြောင့် အယ်လ် ဟီလယ်က ဘာပေကို ခေါ်ယူရေး လက်လျှော့သွားရဖို့ ရှိနေပြီး ကစားသမား ကိုယ်တိုင်က ခါးခါးသီးသီး ဖြစ်နေတာကြောင့် ဘာပေအစား နာပိုလီရဲ့ နိုင်ဂျှီးရီးယား တိုက်စစ် ကစားသမား အိုဆင်မန်ကို ခေါ်ယူဖို့သာ ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပါတယ်။

အိုဆင်မန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နာပိုလီအသင်းအတွက် သွင်းဂိုးတွေ များစွာ သွင်းယူပေးနိုင်ခဲ့သလို အသင်းကိုလည်း စီးရီးအေ ချန်ပီယံ ဖြစ်လာအောင် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို ဥရောပ ထိပ်သီး ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပေမယ့် နာပိုလီက သူတို့ ကစားသမားအတွက် ယူရို သန်း (၂၀၀)အထိ ဈေးခေါ်ထားလို့ အားလုံး လက်ရှောင်သွားကြတာပဲ ဖြစ်ပါတယ်။

Photo Credit : Italy 24 Press News

ဒါပေမယ့် ဒီတန်ကြေးကို အယ်လ် ဟီလယ်ဘက်က အသာလေး ပေးချေနိုင်သလို အိုဆင်မန်အတွက်ကိုလည်း တစ်နှစ် လုပ်ခအဖြစ် ယူရို သန်း(၃၀)လောက်အထိပါ ကမ်းလှမ်းလာနိုင်ပါတယ်။ အာဖရိက ကစားသမားတွေကလည်း ငွေကြေး ကမ်းလှမ်းမှုကြီးတွေ ရလာခဲ့မယ်ဆိုရင် အသင်းပြောင်းရွှေ့ဖို့ ဝန်မလေးတတ်တာကြောင့် ဒီအပြောင်းအရွှေ့က စောင့်ကြည့်သွားချင်စရာ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် အယ်လ် ဟီလယ်က ပီအက်စ်ဂျီကနေ ဘာပေကို မခေါ်ယူနိုင်ခဲ့ရင်တောင် ဘာပေရဲ့ အသင်းဖော် အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဗာရက်တီကိုတော့ ခေါ်ယူသွားမှာဖြစ်ပြီး ဗာရက်တီကလည်း ဆော်ဒီရဲ့ ကမ်းလှမ်းမှုကို လက်ခံထားပေမယ့် ပီအက်စ်ဂျီကတော့ ဗာရက်တီအတွက် ယူရို သန်း(၁၀၀)အထိ တောင်းဆိုနေပါတယ်။