ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ နွေရာသီ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဖီအိုရင်တီးနားကြယ်ပွင့် ဆော့ဖ်ယန် အမ်မရာဘက်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဘရူနို ဖာနန်ဒက်ဇ် ၊ ကတ်စ်မဲရိုး ၊ အဲရစ်ဆင် ၊ မေဆန်မောင့် ၊ ဗန်ဒီဘိခ် ၊ ဖရက်ဒ် ၊ တော်မီနေး စတဲ့ စီနီယာ ကွင်းလယ်လူတွေ အပြင် မိုင်နိုလို လူငယ်ကြယ်ပွင့်ကိုပါ ကွင်းလယ်ပိုင်းမှာ ပိုင်ဆိုင်ထားပေမယ့် ဖရက်ဒ် ၊ တော်မီနေးနဲ့ ဗန်ဒီဘိခ်တို့ကို ယခု နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းခွင့် ပေးထားတာကြောင့် သူတို့ရဲ့ နေရာတွေ အတွက် အစားထိုးမှု အဖြစ် နောက်ထပ် ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Photo Credit: Goal

တဖက်မှာတော့ အသက် ၂၆နှစ် အရွယ် မော်ရိုကို လက်ရွေးစင် ကွင်းလယ်လူ ဆော့ဖ်ယန် အမ်မရာဘက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖီအိုရင်တီးနားနဲ့ရော မော်ရိုကိုနဲ့ပါ တောက်ပခဲ့တဲ့ ကွင်းလယ်လူ တဦး ဖြစ်ပြီး အမ်မရာဘက်ရဲ့ မော်ရိုကိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

အမ်မရာဘက်က ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး လုပ်အားနှုန်း ကောင်းမွန်သလို သူ့ရဲ့ ဘောလုံးပေးပို့နိုင်စွမ်းကလည်း ထိပ်တန်းအဆင့်မှာ ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က အမ်မရာဘက်ကို သူ့ရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းခဲ့တာပါ။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အီဇမ် အာနက်စ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ယနေ့မနက်ပိုင်းမှာပဲ အမ်မရာဘက်ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက် အမ်မရာဘက်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

နောက်ထပ် နာမည်ကြီး အီတလီ သတင်းထောက် ဖြစ်သူ ပက်ဒူလာကလည်း အမ်မရာဘက်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ ခေါင်းညိတ်လိုက်ကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားသလို မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်းရဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်ပြီးတာနဲ့ အမ်မရာဘက်အတွက် ဖီအိုရင်တီးနားနဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။