ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဆီနီဂေါ တိုက်စစ် ကစားသမား ဆာဒီယို မာနေးက ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ် နာဆာအသင်းရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံလိုက်ပြီ ဖြစ်တယ်လို့ ပြင်သစ် သတင်းမီဒီယာ L’Equipe ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Vanguard

 အသက် (၃၁)နှစ်အရွယ်ရှိ ဆီနီဂေါ လက်ရွေးစင် တိုက်စစ် ကစားသမား မာနေးဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကမှ လီဗာပူးလ်အသင်းကနေ ဘိုင်ယန်ဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း ဂျာမနီမြေမှာ ရုန်းကန်မှုတွေနဲ့သာ ကြုံတွေ့ခဲ့ရပြီး ဘွန်ဒက်စ်လီဂါ ကစားသမားတွေ ရွေးချယ်တဲ့ တစ်နှစ်တာရဲ့ စိတ်ပျက်စရာ အကောင်းဆုံး ကစားသမားအဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် အသင်းဖော် ဆာနေးကိုလည်း ထိုးကြိတ်မိခဲ့တာကြောင့် ဘိုင်ယန်က မာနေးကို အခု နွေမှာပဲ အသင်းကနေ ပြန်လည် ရောင်းထုတ်ချင်နေပြီး လက်ရှိမှာတော့ မာနေးက ဥရောပ ဘောလုံနယ်ပယ်ကို ကျောခိုင်း စွန့်ခွာသွားဖို့ သေချာသလောက်ကို ဖြစ်သွားခဲ့ပါပြီ။

Photo Credit : Clutch Points

 ဒီလို အနာဂတ် အခြေအနေ မတည်မငြိမ် ဖြစ်နေရတဲ့ မာနေးကို ဆော်ဒီကလပ် အယ်လ် နာဆာအသင်းက သူတို့အသင်းဆီ ခေါ်ဆောင်သွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ The Athletic သတင်းမီဒီယာကြီးကနေ ဖော်ပြလာခဲ့သလို အခုလည်း L’Equipe ကနေ မာနေးက အယ်လ် နာဆာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်တယ်ဆိုပြီး သတင်းထွက်ပေါ်လာခဲ့ပါတယ်။ မာနေးဟာ ဘိုင်ယန်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးတာ ဖြစ်သလို မာနေးကိုယ်တိုင်ကလည်း ဘိုင်ယန်မှာပဲ ဆက်လက် ရှိနေချင်တာ ဖြစ်ပေမယ့် ဘိုင်ယန်ဘက်ကတော့ မာနေးကို အသင်းကနေသာ ရှင်းထုတ်ချင်နေပါတယ်။

 မာနေးသာ အယ်လ် နာဆာအသင်းဆီကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အသင်းဖော်တွေ ဖြစ်လာတော့မှာ ဖြစ်သလို အယ်လ် နာဆာအသင်းရဲ့ တိုက်စစ် အစုအဖွဲ့ဟာလည်း ပိုမို စိတ်ဝင်စားဖွယ် ကောင်းလာပါတော့မယ်။