ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ဂန္တဝင် နည်းပြလည်းဖြစ် ၊ ဘုတ်အဖွဲ့ဝင် တဦးလည်း ဖြစ်တဲ့ အူလီ ဟိုးနက်စ်က သူတို့အသင်းဟာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပရိသတ်တွေကို သတင်းကောင်း ပါးသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က ၂၀၂၂ နွေဈေးကွက် အတွင်းမှာ အဓိက တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးကို လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ရောင်းချခဲ့ပြီးနောက် တိုက်စစ်ပိုင်း အားနည်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အသင်း ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ လက်ရှိ လူစာရင်းထဲမှာ အထောင်တိုက်စစ်မှူးစစ်စစ် တဦးလည်း မရှိနေပါဘူး။

Photo Credit: Standard

ဘိုင်ယန်မြူးနစ်က တိုက်စစ်ပိုင်းမှာ ဆာနေး ၊ ဂနာဘရီ ၊ ကိုးမန်း ၊ မာနေး ၊ မူလာ ၊ ချူပိုမိုတင် ၊ မာသီတဲလ် စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဆာနေး ၊ ဂနာဘရီနဲ့ ကိုးမန်းတို့က တောင်ပံတိုက်စစ် ကစားသမားတွေ ဖြစ်ကြသလို မာနေး ၊ ချူပိုမိုတင် ၊ မာသီတဲလ်နဲ့ မူလာတို့ကလည်း အထောင်တိုက်စစ်မှူးစစ်စစ်တွေ မဟုတ်ကြပါဘူး။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ် တူဟယ်လ်က ယခု နွေဈေးကွက်အတွင်းမှာ ထိပ်တန်း အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူပေးဖို့ ဘိုင်ယန်မြူးနစ် ဘုတ်အဖွဲ့ထံ တောင်းဆိုထားပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေကလည်း စပါးကနေ ထွက်ခွာဖို့ စီစဉ်ထားတဲ့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Four Four Two

ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ဟယ်ရီကိန်းနဲ့ရော ၊ စပါးဥက္ကဌ လီဗိုင်းနဲ့ပါ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်ထားပြီး ဘိုင်ယန်မြူးနစ်ရဲ့ ဘုတ်အဖွဲ့ဝင် တဦး ဖြစ်သူ အူလီ ဟိုးနက်စ်ကတော့ သူတို့အသင်းဟာ ဟယ်ရီကိန်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီးပြီ ဖြစ်ကြောင်း ဆိုလာပါတယ်။

အူလီ ဟိုးနက်စ်က – “ဟယ်ရီကိန်းက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့အသင်းဆီ အသိပေးပြီးပါပြီ။ တကယ်လို့ သူသာ သူ့ရဲ့ စကားတွေကို တည်ခဲ့မယ် ဆိုရင် ကျွန်တော်တို့က သူ့ကို ခေါ်ယူနိုင်မှာပါ။ စပါးကလည်း ဟယ်ရီကိန်းကို ကျွန်တော်တို့ဆီ ရောင်းချဖို့ လိုပါလိမ့်မယ်။ ရူမင်နစ်ဂီကတော့ ဟယ်ရီကိန်းနဲ့ တောက်လျှောက် စကားတွေ ပြောထားပါတယ်။ ကျွန်တော်တို့ သဘောကျတဲ့ အချက်က ဟယ်ရီကိန်းရဲ့ ကိုယ်စားလှယ်တွေက လူကောင်းတွေ ဖြစ်နေတဲ့ အချက်ပါပဲ။ သူတို့က အရမ်းကို ခင်ဖို့ ကောင်းပါတယ်။ ဒါကြောင့် ဟယ်ရီကိန်းကသာ သူ့ရဲ့ ကတိကို တည်နိုင်မယ် ဆိုရင် ဒီအပြောင်းအရွှေ့က ဖြစ်ကို ဖြစ်လာပါလိမ့်မယ်။ ဒါနီရယ် လီဗိုင်းက လူတော် တဦးပါ။ ကျွန်တော်တို့က ပထမဦးဆုံး ခြေလှမ်းအဖြစ် သူ့ကို ကျွန်တော်တို့ ကမ်းလှမ်းနိုင်တဲ့ ငွေကြေးပမာဏမျိုး ပြောပြထားဖို့ လိုပါတယ်။ လီဗိုင်းက အပြောင်းအရွှေ့တွေ လုပ်လာတာ နှစ်နဲ့ချီနေပါပြီ။ ပြီးတော့ သူက ပရော်ဖက်ရှင်နယ်လည်း ဆန်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို အရမ်း သဘောကျပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေကလည်း အပြောင်းအရွှေ့ကိစ္စတွေကို အခုမှ လုပ်ဖူးတဲ့ လူတွေ မဟုတ်ကြပါဘူး” လို့ ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့ ကိစ္စကို နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသေးစိတ် ရှင်းပြသွားခဲ့တာပါ။

https://mysportmyanmar.com/liverpool-interest-kalvin-phillips/ ‎