ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ဖာဘင်ဟိုရဲ့ နေရာအတွက် ပြိုင်ဘက် မန်ချက်စတာ စီးတီးမှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

လီဗာပူးရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ဖာဘင်ဟိုက ယခု နွေဈေးကွက် အတွင်းမှာ ဆော်ဒီ ထိပ်သီးကလပ် အယ် အီတီဟတ်ဆီ ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်နေသူ ဖြစ်ပြီး အယ် အီတီဟတ်က ဖာဘင်ဟိုကို တနှစ် လုပ်ခလစာ ယူရို ၂၅သန်းနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကမ်းလှမ်းထားပါတယ်။

Photo Credit: Goal

အယ် အီတီဟတ်က ဖာဘင်ဟိုကို ယူရို ၇၅သန်းတန် စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားသလို ဖာဘင်ဟိုအတွက် လီဗာပူးနဲ့ ဆွေးနွေးမှုတွေပါ ပြုလုပ်နေပြီး လီဗာပူးကတော့ ဖာဘင်ဟိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း အထိ တောင်းဆိုထားကာ အယ် အီတီဟတ်ကလည်း အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ လိုလိုလားလား ရှိနေပါတယ်။

ဖာဘင်ဟိုက အယ် အီတီဟတ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် လီဗာပူးက ဖာဘင်ဟိုရဲ့ နေရာကို အစားဝင်နိုင်မယ့် ကွင်းလယ်ခံစစ် ကစားသမား တဦးကို အသည်းအသန် လိုက်လံ ရှာဖွေနေပြီး လီဗာပူးက ဆောက်သမ်တန် လူငယ်ကြယ်ပွင့် လာဗီယာ ၊ ဘရိုက်တန် ကွင်းလယ်ကြယ်ပွင့် ကိုင်စီဒိုတို့ကို ချိတ်ဆက်မှုတွေ လုပ်ထားပေမယ့် နှစ်သင်းစလုံးက သူတို့ရဲ့ ကစားသမားတွေ အတွက် စံချိန်တင် ပြောင်းရွှေ့ကြေးတွေ တောင်းဆိုနေတာကြောင့် ဆွေးနွေးမှုတွေကလည်း အဆင်မပြေသေးပါဘူး။

Photo Credit: The Mirror

ဒါကြောင့် လီဗာပူးဟာ လိဒ်ယူနိုက်တက်မှာ ကစားခဲ့စဉ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား ၅ဦး စာရင်းထဲ ဝင်ခဲ့ပေမယ့် မန်ချက်စတာ စီးတီးဆီ ရောက်အပြီးမှာ ဒဏ်ရာတွေနဲ့သာ ရုန်းကန်နေခဲ့ရတဲ့ အင်္ဂလန် ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာပဲ ဖြစ်ပါတယ်။

လီဗာပူးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျိမ်းစ် ပီယာ့ရဲ့ ဖော်ပြချက်အရ လီဗာပူးက ဖာဘင်ဟိုရဲ့ နေရာကို အစားဝင်မယ့် ပစ်မှတ်စာရင်းထဲမှာ မန်ချက်စတာ စီးတီး ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ်ကိုပါ ထည့်သွင်းထားပြီး ကယ်ဗင် ဖီးလစ်ဟာ သူတို့အသင်းဆီ ပြောင်းဖို့ စိတ်ဝင်စားလိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။