အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ နည်းပြချုပ် ဖြစ်သူ ဟိုဆေး မော်ရင်ဟိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဆီဗီးလားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် သူဟာ ရိုးမားကနေ ထွက်ခွာဖို့ နီးစပ်နေကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီလူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ မော်ရင်ဟိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ရိုးမားကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ရိုးမားရဲ့ ကစားပုံရော ၊ ရလဒ်တွေပါ သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့သလို ပြီးခဲ့တဲ့နှစ်ရဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် ချန်ပီယံ အဖြစ်ပါ အောင်ပွဲခံနိုင်ခဲ့ပါသေးတယ်။

Photo Credit: Squawka

မော်ရင်ဟိုက ရိုးမားရဲ့ ကာလရှည် ဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်ပေးခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း အသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲ အထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် သူနဲ့ ရိုးမားရဲ့ တာဝန်ရှိသူတွေ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေခဲ့ပါတယ်။

အဆိုပါ ဆက်ဆံရေး အဆင်မပြေမှုတွေကြောင့်ပဲ မော်ရင်ဟိုက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ရိုးမားနဲ့ လမ်းခွဲဖို့ အတွက် စဉ်းစားနေတာ ဖြစ်ပြီး မော်ရင်ဟိုကတော့ သူနဲ့ သူ့ရဲ့ ကစားသမားတွေဟာ ဒီထက် ပိုကောင်းတဲ့ အခြေအနေတွေနဲ့ ထိုက်တန်ပါတယ်လို့ ရိုးမား ၁-၁ ဆီဗီးလား ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Sports Illustrated

မော်ရင်ဟိုက – “ကျွန်တော်က ရိုးမားမှာ ဆက်နေချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကစားသမားတွေက ဒီထက် ပိုကောင်းတဲ့ အခြေအနေတွေနဲ့ ထိုက်တန်သူတွေပါ။ ကျွန်တော်လည်း ဒီထက် ပိုကောင်းတဲ့ အခြေအနေတွေနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်က ဆိုးရွားတဲ့ အခြေအနေတွေမှာ အသင်းရဲ့ မန်နေဂျာ ၊ လူထုဆက်ဆံရေးရဲ့ မျက်နှာဖုံး ၊ အသင်းရဲ့ မျက်နှာဖုံး ပုံစံမျိုးနဲ့ နေရတာကို အတော်လေး ပင်ပန်းနေပါပြီ။ ကျွန်တော်က ရိုးမားမှာ ဆက်နေချင်ပေမယ့် မှန်ကန် သင့်တော်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာမှပဲ ဆက်နေဖို့ စဉ်းစားပါမယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။