ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က စီးရီးအေ ချန်ပီယံ နာပိုလီရဲ့ အဓိက ဗဟိုခံစစ်မှူး ကင်မင်ဂျေးကို ခေါ်ယူဖို့ အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က လာမယ့် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ အသင်းတွေ ဖြစ်တာကြောင့် နွေဈေးကွက် အတွင်းမှာ ငွေကြေး အများအပြား သုံးစွဲကာ အသင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေကြပြီး သူတို့နှစ်သင်းရဲ့ နံပါတ်တစ် ပစ်မှတ်ကတော့ ထိပ်တန်း ဗဟိုခံစစ်မှူး တဦးကို ခေါ်ယူဖို့ပါပဲ။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်က ဗဟိုခံစစ်ပိုင်းမှာ ဗာရန်း ၊ မာတီနက်ဇ် ၊ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် ၊ ဘိုင်လီ (အငှားနဲ့ ထွက်ကစားနေ) စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် မက်ဂွိုင်းယားနဲ့ ဘိုင်လီတို့ကို ရောင်းချဖို့ ပြင်ဆင်ထားသလို ဗာရန်းရဲ့ ကြံ့ခိုင်မှုကလည်း အားရစရာ မကောင်းတာကြောင့် မာတီနက်ဇ်နဲ့ တွဲဖက်ကာ အသင်းရဲ့ ခံစစ်ကြောင်းကို ဦးဆောင်နိုင်မယ့် ထိပ်တန်း ဗဟိုခံစစ်မှူး တဦးကို ခေါ်ယူချင်နေတာပါ။

တဖက်မှာလည်း နယူးကာဆယ်က နှစ်ပေါင်း ၂၀ကျော် အတွင်း ပထမဦးဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည် ရရှိခဲ့တာကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကစားသမား အများအပြားကို ခေါ်ယူဖို့ အစီအစဉ် ဆွဲထားပြီး သူတို့ရဲ့ နံပါတ်တစ် အစီအစဉ်က ဘော့မန်းနဲ့ တွဲဖက် ကစားနိုင်မယ့် ထိပ်တန်း ဗဟိုခံစစ်မှူး တဦးကို ခေါ်ယူဖို့ပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က နာပိုလီကနေ ထွက်ခွာချင်နေတဲ့ ကင်မင်ဂျေးကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က ကင်မင်ဂျေး အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၅၀သန်း ဝန်းကျင် ပေးချေရုံနဲ့ ကင်မင်ဂျေးကို ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က ကင်မင်ဂျေးရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေဖို့ အဆင်သင့် ဖြစ်နေကြသလို နှစ်သင်းစလုံးက ကင်မင်ဂျေးရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ ကမ်းလှမ်းမှုတွေ အသီးသီး ပြုလုပ်ထားကြကာ ကင်မင်ဂျေးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်တဲ့ အသင်းဟာ ကင်မင်ဂျေးရဲ့ အသင်းသစ် ဖြစ်လာမယ်လို့ သိရပါတယ်။