ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ အမြဲတမ်း နည်းပြချုပ်ရာထူး အတွက် ပူပူနွေးနွေး နယ်သာလန် ချန်ပီယံ ဖီယင်နုရဲ့ နည်းပြချုပ် ဖြစ်သူ အာနီ ဆလော့ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

စပါးက ယခုနှစ် ဘောလုံးရာသီမှာ လိုချင်တဲ့ ရလဒ်ကောင်းတွေ မရခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ ဝေးကွာခဲ့တာကြောင့် အီတလီလူမျိုး နည်းပြဖြစ်သူ ကွန်တီနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီး ကွန်တီ မရှိတော့တဲ့နောက် အသင်းရဲ့ လက်ထောက်နည်းပြတွေ ဖြစ်တဲ့ စတယ်လီနီနဲ့ မေဆန်တို့ကို ယာယီနည်းပြတွေ အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Photo Credit: Football London

ဒါပေမယ့် စတယ်လီနီရဲ့ လက်အောက်မှာ စပါးရဲ့ ရလဒ်ဆိုးတွေက ရပ်တန့်မသွားသလို မေဆန် ဦးဆောင်တဲ့ အချိန်မှာလည်း စပါးက နိုင်ပွဲ ၁ပွဲ ရဖို့တောင် အသည်းအသန် ကြိုးစား ရုန်းကန်နေရပါတယ်။

ဒါကြောင့်ပဲ စပါးရဲ့ တာဝန်ရှိသူတွေက အသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်မယ့် ထိပ်တန်းနည်းပြ တဦးကို အပူတပြင်း ရှာဖွေနေပြီး စပါးရဲ့ ပစ်မှတ်တွေထဲမှာ ဘာစီလိုနာနဲ့ စပိန်နည်းပြဟောင်း အင်းနရစ် ၊ ဘိုင်ယန်နည်းပြဟောင်း နာဂယ်စမန်းနဲ့ ဖီယင်နုနည်းပြ အာနီ ဆလော့တို့ ပါဝင်နေပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မတ်လောရဲ့ ဖော်ပြချက်အရ စပါးရဲ့ တာဝန်ရှိသူတွေက အင်းနရစ် ၊ နာဂယ်စမန်း ၊ ဆလော့တို့ အားလုံးနဲ့ ဆွေးနွေးမှုတွေ အသီးသီး ပြုလုပ်ခဲ့ပြီးနောက် ဘတ်ဂျက်နည်းနည်းနဲ့ ဖီယင်နုကို နယ်သာလန်လိဂ်ရဲ့ ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ အာနီ ဆလော့ကို အခြားနည်းပြ ၂ဦးထက် ပိုမို သဘောကျနေပြီး ဆလော့ကလည်း စပါးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဆလော့ရဲ့ ဖီယင်နုက နယ်သာလန်လိဂ်မှာ စုစုပေါင်း ၃၂ပွဲ ကစားခဲ့ရာ ၂၄ပွဲနိုင် ၊ ၇ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ အထင်ကြီးစရာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ကာ ချန်ပီယံ ဖြစ်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် အထိ တက်ရောက်နိုင်ခဲ့ပါတယ်။