ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက စပါးနဲ့ ပီအက်စ်ဂျီနည်းပြဟောင်း ပိုချက်တီနိုကို သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေ တောက်လျှောက် ကြုံတွေ့ခဲ့ရတာကြောင့် နည်းပြအပြောင်းအလဲ ၄ကြိမ် အထိ ပြုလုပ်ခဲ့ရပြီး လက်ရှိမှာတော့ ချယ်လ်ဆီးကို အသင်းရဲ့ နည်းပြဟောင်းလည်းဖြစ် ၊ ဂန္တဝင် ကစားသမားလည်း ဖြစ်တဲ့ လမ်းပတ်က တာဝန်ယူ ကိုင်တွယ်နေပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးဘုတ်အဖွဲ့က လမ်းပတ်ကို အသင်းဆီ တကျော့ပြန် ပြန်ခေါ်ခဲ့ပေမယ့် အမြဲတမ်းနည်းပြ ခန့်အပ်ဖို့ စိတ်ကူးမရှိတာကြောင့် စပါးနဲ့ ပီအက်စ်ဂျီနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး ပိုချက်တီနိုကလည်း ချယ်လ်ဆီးလို ထောက်ပံ့မှု အားကောင်းတဲ့ အသင်းကြီး တသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ချင်နေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယနေ့မနက် အစောပိုင်းမှာပဲ စပါးနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ပိုချက်တီနိုဟာ ချယ်လ်ဆီးနဲ့ စာချုပ်မှာ လက်မှတ်ထိုးတော့မယ်လို့ သိရပါတယ်။

Photo Credit: Team Talk

ပိုချက်တီနိုက ချယ်လ်ဆီးရဲ့ နည်းပြသစ် အဖြစ် လုပ်ကိုင်ဖို့ သဘောတူခဲ့ပေမယ့် ချယ်လ်ဆီးကို ယခုချိန်မှာ တာဝန်ယူဦးမှာ မဟုတ်ပဲ လာမယ့် ဇွန်လကို ရောက်မှသာ ချယ်လ်ဆီးရဲ့ နည်းပြသစ် အဖြစ် စတင် လုပ်ကိုင်မယ်လို့လည်း ရိုမာနိုက ဆိုပါတယ်။