ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ပွဲကြို သုံးသပ်ချက် အစီအစဉ်လေးကို တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ဒီညမှာတော့ လမ်းပတ်ရဲ့ တကျော့ပြန် ချယ်လ်ဆီးနည်းပြဘဝ အဖွင့်ပွဲ ၊ စပါးနဲ့ ဘရိုက်တန်တို့လို ဥရောပဝင်ခွင့် အတွက် တိုက်ပွဲဝင်မယ့် ပွဲတွေလိုမျိုး စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲကောင်းတွေ ရှိနေပါတယ်။ ဒီတော့ ကျွန်တော်တို့နဲ့ အတူတူ ရင်ခုန်လိုက်ရအောင်ဗျာ…။

Photo Credit: The Analyst

မန်ယူနဲ့ အဲဗာတန် (ည ၆နာရီခွဲ)

မန်ယူက နောက်ဆုံး ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အနိုင်ကစားရင်း သူတို့ရဲ့ ၃ပွဲဆက် ပရီးမီးယားလိဂ် နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ တဖက်မှာလည်း အဲဗာတန်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်သလို တန်းဆင်းဇုန်ထဲကနေပါ ရုန်းထွက်ပြထားပါတယ်။

မန်ယူက ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ဒီပွဲမှာ မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်သလို အဲဗာတန်ကလည်း တန်းတင် ကျန်ရစ်အောင် ဒီပွဲမှာ အနိမ့်ဆုံး သရေတမှတ် ရယူဖို့ လိုနေပါတယ်။ ရှောင်ဒိုက်ရဲ့ ထုံးစံအတိုင်း အဲဗာတန်က ဒီပွဲမှာလည်း ခံစစ်ပိတ် ကစားပြီး မန်ယူဆီကနေ သရေတမှတ် ခွဲယူနိုင်အောင် ကြိုးစားမှာ ဖြစ်ပေမယ့် မာရှယ်နဲ့ အဲရစ်ဆင်တို့ ပြန်လည် ပါဝင်လာမယ့် မန်ယူကပဲ ဒီပွဲမှာ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – မန်ယူ ၂-၀ အဲဗာတန်

Photo Credit: Inside Sports

ဝုဗ်နဲ့ ချယ်လ်ဆီး (ည ၈နာရီခွဲ)

ဒီပွဲက လမ်းပတ်ရဲ့ တကျော့ပြန် ချယ်လ်ဆီးနည်းပြဘဝ ပထမဦးဆုံး ကစားရမယ့်ပွဲပါ။ ဒါကြောင့် လမ်းပတ်နဲ့ ချယ်လ်ဆီးက ဒီပွဲကို မဖြစ်မနေ အနိုင် ကစားဖို့ ကြိုးစားပါလိမ့်မယ်။ တဖက်မှာ ဝုဗ်ကလည်း နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲမှာ ၃ပွဲ အထိ ရှုံးနိမ့်ထားတာကြောင့် တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် ဝုဗ်က ဒီပွဲမှာ အိမ်ကွင်း အားသာချက်ကို အသုံးပြုပြီး ချယ်လ်ဆီးကို အတတ်နိုင်ဆုံး ရင်ဆိုင် ကစားပါလိမ့်မယ်။ ဒါပေမယ့် နည်းပြအပြောင်းအလဲကြောင့် စိတ်ဓာတ် တက်နေသလို လမ်းပတ်ရဲ့ တိုက်စစ်အားသန် ကစားဟန်တို့ကြောင့် ချယ်လ်ဆီးကပဲ အဝေးကွင်းမှာ နိုင်ပွဲ ရသွားမှာပါ။

ခန့်မှန်းရလဒ် – ဝုဗ် ၁-၂ ချယ်လ်ဆီး

Photo Credit: The Sun

စပါးနဲ့ ဘရိုက်တန် (ည ၈နာရီခွဲ)

စပါးနဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်က နှစ်သင်းစလုံး အတွက် စာမေးပွဲ တခုပါပဲ။ စပါးအတွက် ဒီပွဲဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိုက်တန်လား ၊ မတန်ဘူးလား ဆိုတာကို သက်သေပြရမယ့်ပွဲ ဖြစ်သလို ဘရိုက်တန်အတွက် ဒီပွဲက အသင်းကြီးတွေကို ယှဉ်ပြိုင်ပြီး ဥရောပဝင်ခွင့် ရအောင် လုပ်နိုင်ပြီလား ၊ မလုပ်နိုင်သေးဘူးလား ဆိုတာကို ဆန်းစစ်မယ့်ပွဲပါ။

ဒါကြောင့် ဒီပွဲမှာ နှစ်သင်းစလုံးက ရေကုန်ရေခမ်း ကြိုးစား ကစားမှာ ဖြစ်သလို ပွဲကလည်း အတော်လေး အကြိတ်အနယ် ရှိနိုင်တာကြောင့် ပရိသတ်တွေ လက်လွှတ်မခံပဲ ကြည့်သင့်တဲ့ ပွဲမျိုးပါ။ လက်ရှိ ခြေစွမ်းတွေအရ ဘရိုက်တန်က စပါးထက် အနည်းငယ် အသာစီး ရနေပေမယ့် စပါးရဲ့ အိမ်ကွင်း ရုန်းအားကလည်း ကြောက်စရာ ကောင်းပါတယ်။ ဒီတော့ ဒီပွဲဟာ သရေရလဒ်နဲ့ပဲ အဆုံးသတ်မယ်လို့ မြင်ပါတယ်။

ခန့်မှန်းရလဒ် – စပါး ၂-၂ ဘရိုက်တန်

Photo Credit: The Sun

အခြားပွဲများ အတွက် ခန့်မှန်းရလဒ်များ

ဗီလာ ၂-၁ နော်တင်ဟမ် ဖောရက်စ်

ဘရန်ဖို့ဒ် ၁-၂ နယူးကာဆယ်

ဖူလ်ဟမ် ၁-၁ ဝက်စ်ဟမ်း

လက်စတာ ၁-၁ ဘုန်းမောက်

ဆောက်သမ်တန် ၀-၃ မန်စီးတီး