အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်းတွေထဲက တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းရဲ့ ဘုတ်အဖွဲ့က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ရာသီကုန်ချိန်မှာ နည်းပြအပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

လန်ဒန်မြို့ အခြေစိုက် နာမည်ကြီးကလပ် ဝက်စ်ဟမ်းဟာ ၂၀၁၉ခုနှစ်ကတည်းက လက်ရှိနည်းပြ ဒေးဗစ် မိုယက်စ်နဲ့ လက်တွဲထားတာ ဖြစ်ပြီး မိုယက်စ်ရဲ့ လက်အောက်မှာ ဝက်စ်ဟမ်းဟာ ပေါင်သန်းရာချီ အသုံးပြုကာ ကစားသမား ဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ယခုချိန်အထိ သိသိသာသာ တိုးတက်ခဲ့တာမျိုး မရှိသေးပါဘူး။

Photo Credit: Football London

ဝက်စ်ဟမ်းက ယခုနှစ် ဘောလုံးရာသီမှာ ယူရိုပါ ကွန်းဖရန့်လိဂ်ကို ဝင်ရောက် ယှဉ်ပြိုင်နေရသလို ကွာတားဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အဆင့်(၁၄)နေရာ အထိ ရောက်ရှိနေသလို အဆင့်(၂၀)မှာ ရှိနေတဲ့ ဆောက်သမ်တန်နဲ့ ရမှတ် ၄မှတ်သာ ကွာဟနေတာကြောင့် တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်ပဲ ဝက်စ်ဟမ်းရဲ့ ဘုတ်အဖွဲ့က ငွေကြေး အမြောက်အမြား သုံးစွဲခဲ့တာတောင် အသင်းကို တိုးတက်အောင် မလုပ်ပေးနိုင်တဲ့ နည်းပြချုပ် ဒေးဗစ် မိုယက်စ်နဲ့ လမ်းခွဲဖို့ စတင် စဉ်းစားနေပြီး ဝက်စ်ဟမ်းက လောလောဆယ်မှာ မိုယက်စ်ကို ထုတ်ပယ်ဖို့ မစီစဉ်ထားသေးပေမယ့် ရာသီကုန်မှာ နည်းပြအပြောင်းအလဲ လုပ်ဖို့ ရာခိုင်နှုန်း များနေပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မတ်လောရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူတွေက မိုယက်စ်ရဲ့ ဆက်ခံသူ အဖြစ် ယမန်နေ့ကမှ ချယ်လ်ဆီးကနေ ထုတ်ပယ်ခံထားရတဲ့ ဂရေဟမ် ပေါ်တာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဂရေဟမ် ပေါ်တာက ချယ်လ်ဆီးကနေ ထုတ်ပယ်ခံရပြီးနောက် လက်စတာ စီးတီးရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ပေါ်တာဟာ အဆိုပါ ကမ်းလှမ်းမှုကို ချက်ချင်း ငြင်းဆန်ခဲ့ကာ လာမယ့် နွေရာသီ ရောက်မှသာ အသင်းသစ် ရွေးချယ်ဖို့ ဆုံးဖြတ်ထားပါတယ်။