ပြီးခဲ့တဲ့ ဇန်နဝါရီ ဈေးကွက်မှာမှ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီး ကနေ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာတဲ့ ကန်ဆယ်လိုက ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြသစ် တူဟယ်လ်ဟာ သူ့ကို ချန်ပီယံလိဂ် တလုံး အကြွေးတင်နေတာကြောင့် ဒီရာသီမှာ တူဟယ်လ်ဟာ သူ့ကို ချန်ပီယံလိဂ်ဖလား ကိုင်ခွင့် ရအောင် ကူညီပေးလိမ့်မယ်လို့ ယုံကြည်ထားကြောင်း ပြောလာပါတယ်။

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် အစွန်ခံစစ် ကစားသမား ကန်ဆယ်လိုဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အစွန်ခံစစ် ကစားသမားတွေထဲက တဦး ဖြစ်ပေမယ့် မိခင်ကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဂွာဒီယိုလာနဲ့ ဆက်ဆံရေး သိပ်အဆင်မပြေတာကြောင့် သူ့ကို သဘောကျတဲ့ နည်းပြ နစ်ဂယ်စမန်း ရှိရာ ဘိုင်ယန်မြူးနစ်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit: Goal

ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာချိန်မှာ ကန်ဆယ်လိုက သူ လိုချင်တဲ့ ပွဲထွက်ခွင့်တွေ ရနေပေမယ့် ယနေ့မနက် အစောပိုင်းမှာပဲ ဘိုင်ယန်မြူးနစ်က ကန်ဆယ်လိုကို ခေါ်ယူခဲ့တဲ့ နည်းပြချုပ် နစ်ဂယ်စမန်းအား ရာထူးကနေ ဆိုင်းမဆင့် ဗုံမဆင့် ထုတ်ပယ်ကာ ချယ်လ်ဆီးနည်းပြဟောင်း တူဟယ်လ်ကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ခဲ့ပါတယ်။

နစ်ဂယ်စမန်း တယောက် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာကြောင့် ကန်ဆယ်လိုရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်လာခဲ့ပေမယ့် ကန်ဆယ်လိုကတော့ တူဟယ်လ်နဲ့အတူ သူတို့အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit: Goal

ကန်ဆယ်လိုက – “ကျွန်တော်က အခုမှ နည်းပြအပြောင်းအလဲ ဖြစ်သွားတာကို သိတာပါ။ ကျွန်တော်က မြူးနစ်မြို့ကို ပြန်ရောက်ရင် နစ်ဂယ်စမန်းကို တွေ့ရတော့မှာ မဟုတ်ပါဘူး။ သူက ကျွန်တော့်ကို လိုချင်ခဲ့တဲ့ နည်းပြပါ။ ဒါကြောင့် ကျွန်တော်က သူ့ကို ကျေးဇူးတင်ချင်ပါတယ်။ တူဟယ်လ်ကတော့ ကျွန်တော့်ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ၁ကြိမ် ရှုံးနိမ့်အောင် လုပ်ထားတဲ့ နည်းပြပါ။ (ရယ်လျက်) ဒါကြောင့် သူက ဒီနှစ်မှာ ကျွန်တော့်ကို ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်အောင် ကူညီနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်က ကန်ဆယ်လိုရဲ့ မိခင်ကလပ် ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေတာ ဖြစ်ပြီး တူဟယ်လ်က မန်ချက်စတာ စီးတီးကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တကြိမ် အနိုင်ယူခဲ့ဖူးပါတယ်။