ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်တီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ​ အေစီမီလန်ကို သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် စပါးဟာ သူ့ကို ရာထူးကနေ ထုတ်ပယ်နိုင်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အီတလီလူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ ကွန်တီက ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ရာသီဝက်မှာမှ စပါးကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ စတင် တာဝန်ယူချိန်မှာ စပါးဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်တဲ့ အနေအထားမျိုးကို ရောက်နေခဲ့ပေမယ့် ကွန်တီက အသင်းကို အကောင်းဆုံး ကိုင်တွယ်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ကူညီနိုင်ခဲ့ပါတယ်။

Photo Credit: UK Daily News

ဒါကြောင့်ပဲ စပါးက ကွန်တီကို ယခုနှစ် ဘောလုံးရာသီမှာလည်း အသင်းကို ဆက်လက် တာဝန်ယူ ကိုင်တွယ်စေခဲ့သလို ကွန်တီ လိုချင်တဲ့ ကစားသမားတွေကို ဝယ်ပေးခဲ့ပေမယ့် ဒီရာသီမှာတော့ ကွန်တီရဲ့ စပါးဟာ စွမ်းဆောင်ရည်တွေ ကျဆင်းနေပြီး ကာရာဘောင်း ၊ အက်ဖ်အေနဲ့ ချန်ပီယံလိဂ် စတဲ့ ရှုံးထွက်ပြိုင်ပွဲတွေ အားလုံးကနေ ထွက်ခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၄)နေရာသာ ရထားပါတယ်။

စပါးက အဆင့်(၄)နေရာကို ရယူထားနိုင်ပေမယ့် အဆင့်(၅)နေရာမှာ ရှိတဲ့ လီဗာပူးထက် ၁ပွဲ ပိုကစားထားပြီး ရမှတ် ၃မှတ်သာ ကွာဟနေသလို အဆင့်(၆)နေရာမှာ ရှိနေတဲ့ နယူးကာဆယ်ထက် ၂ပွဲ ပိုကစားထားချိန်မှာ ရမှတ် ၄မှတ်သာ ဖြတ်ထားနိုင်ပါတယ်။

Photo Credit: UK Daily News

ဒါကြောင့် စပါးက အချိန်မရွေး အဆင့်(၄)နေရာ ကနေ ပြုတ်ကျသွားနိုင်သလို စပါးဘုတ်အဖွဲ့ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်း ရှုံးထွက်အဆင့်မှာတင် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမှု အတွက် အတော်လေး ဒေါသထွက်နေကြပါတယ်။ လက်ရှိမှာတော့ စပါးက ကွန်တီကို ရာထူးကနေ ထုတ်ပယ်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ကွန်တီကလည်း သူဟာ စပါးရဲ့ နည်းပြရာထူး ကနေ ထုတ်ပယ်ခံရဖွယ် ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

ကွန်တီက – “ကျွန်တော့်ရဲ့ စာချုပ်က လာမယ့် ဇွန်လမှာ ကုန်ဆုံးတော့မှာပါ။ ဘာတွေဖြစ်လာမလဲ ဆိုတာကို ဆက်ပြီး စောင့်ကြည့်ကြတာပေါ့။ စပါးက ကျွန်တော့်ကို ရာသီမကုန်ခင်မှာတင် ရာထူးကနေ ထုတ်ပယ်နိုင်ပါတယ်။ သူတို့တွေက ကျွန်တော့်ကို စိတ်ပျက်နေနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စပါးရဲ့ အမာခံ ပရိသတ်တွေက ကွန်တီကို ရာထူးကနေ ထုတ်ပယ်ကာ အသင်းနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ပြန်လည် ခန့်အပ်ပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုနေပါတယ်။