အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီဟာ အသက်လက်တီကိုအသင်းကို နှစ်ပေါင်းများစွာ ကိုင်တွယ်ထားခဲ့ပေမဲ့လည်း အခုနှစ် ဘောလုံးရာသီအကုန်မှာတော့ အသင်းနဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိနိုင်တယ်လို့ စပိန်အခြေစိုက် သတင်းမီဒီယာ အများအပြားကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : The New York Time
အာဂျင်တီးနားလူမျိုး ဘောလုံးသမားဟောင်းကြီး ဆီမြွန်နီဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက် ချက်ချင်းဆိုသလိုပဲ နည်းပြနယ်ပယ်ထဲကို ဝင်ရောက်ဖြစ်ပြီး နည်းပြလုပ်သက် (၅)နှစ်အကြာမှာပဲ ကစားသမားဘဝကတည်းက ကျင်လည်ခဲ့ဖူးတဲ့ အသက်လက်တီကိုအသင်းမှာ နည်းပြအဖြစ် ပြန်လည် ဆောင်ရွက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ၂၀၁၁ခုနှစ်ကနေ စတင်ပြီး အသက်လက်တီကိုနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဆီမြွန်နီဟာ အခုဆိုရင် အသင်းကို ဆယ်စုနှစ်တစ်ခုကျော်လောက်အထိ ကိုင်တွယ်ထားနိုင်ခဲ့ပြီး အောင်မြင်မှုတွေလည်း အထိုက်အလျောက် ရယူပေးနိုင်ခဲ့ပေမဲ့ ဒီနှစ်ဘောလုံးရာသီအကုန်မှာတော့ ဆီမြွန်နီနဲ့ အသက်လက်တီကိုအသင်းတို့ရဲ့ ကတ္တီပါလမ်းခွဲကို တွေ့မြင်လာရနိုင်ပါတယ်။
Photo Credit : Football Espana
အသက်လက်တီကိုအသင်းအတွက် စပိန်လာလီဂါဖလား (၂)ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား (၂)ကြိမ် ရယူပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအဆင့်ဆီကို (၂)ကြိမ်ထိ ပို့ဆောင်ထားနိုင်ခဲ့တဲ့ နည်းပြဆီမြွန်နီဟာ ဘောလုံးရာသီတိုင်းလိုလိုမှာ အသက်လက်တီကိုအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်ရော ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့် တတ်လှမ်းနိုင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပေမဲ့ ဒီနှစ်ရာသီမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ထားခဲ့ရသလို အုပ်စုနောက်ဆုံး ဖြစ်ခဲ့ရတာကြောင့် ယူရိုပါလိဂ်နဲ့ပင် လွဲချော်ခဲ့ရပါတယ်။ ဒါ့အပြင် အသက်လက်တီကိုဟာ ဒီရာသီမှာ ရလဒ်ပိုင်းတွေ မတည်မငြိမ် ဖြစ်နေရတာကြောင့် ဆီမြွန်နီရဲ့ အနာဂတ်ပါ လှုပ်ခတ်လာခဲ့ရပြီး အသက်လက်တီကိုအနေနဲ့ ချယ်လ်ဆီးနည်းပြဟောင်း သောမတ်စ်တူဟယ်လ်ကိုပါ ဆီမြွန်နေရာမှာ အစားထိုးဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သတင်းတွေပါ ထွက်လာခဲ့တာကြောင့် ဆီမြွန်နီကို အသက်လက်တီကိုနည်းပြအဖြစ် ဆက်လက် မြင်တွေ့ရဖို့က အခြေအနေ နည်းသထက် နည်းလာခဲ့ရပါတယ်။ လတ်တလောမှာလည်း စပိန်မီဒီယာများစွာက ဆီမြွန်နီအနေနဲ့ အခု ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအပြီးမှပဲ အသက်လက်တီကိုအသင်းကနေ ထွက်ခွာသွားဖွယ် ရှိနိုင်တယ်လို့ ဖော်ပြလာပြီး တူဟယ်လ်က ဆီမြွန်နီနေရာ ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်း သုံးသပ်နေကြပါတယ်။