ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ကာရေဂါက သူ့ရဲ့ အသင်းဟောင်း လီဗာပူးဟာ ယခု ဆောင်းဈေးကွက် အတွင်းမှာ ကွင်းလယ်လူသစ် တဦး ထပ်မခေါ်ရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို မရနိုင်ဘူးလို့ ခပ်ပြင်းပြင်း သတိပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရာသီပိတ်ပွဲ အထိ ချန်ပီယံဆု အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) အပြီးမှာ ရမှတ် ၂၈မှတ်သာ စုဆောင်းထားနိုင်တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်၆နေရာကို ရောက်ရှိနေပါတယ်။

Photo Credit: Mirror

အထူးသဖြင့် ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးရဲ့ ကွင်းလယ်ပိုင်းဟာ အတော်လေးကို အခြေအနေ ဆိုးရွားနေခဲ့ပြီး သီယာဂို ၊ ဖာဘင်ဟိုနဲ့ ဟန်ဒါဆန်တို့လို လီဗာပူးရဲ့ အဓိက ကွင်းလယ်လူတွေဟာ အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်လာသလို ချိန်ဘာလိန် ၊ နာဘီကီတာနဲ့ အာသာတို့ကပါ ဒဏ်ရာလူသားတွေ ဖြစ်နေကြကာ ကာဗယ်ဟို ၊ အဲလိယက်နဲ့ ကာတစ် ဂျုံးစ်တို့ကလည်း လီဗာပူးရဲ့ ကွင်းလယ်ပိုင်းကို ဦးဆောင်နိုင်စွမ်း မရှိကြပါဘူး။

ဒါကြောင့်ပဲ ကာရေဂါ အပါအဝင် ဘောလုံးရေးရာ သုံးသပ်သူတွေက လီဗာပူးဟာ ဆောင်းဈေးကွက် အတွင်းမှာ ကွင်းလယ်လူ တဦးကို မဖြစ်မနေ ခေါ်ယူသင့်တယ်လို့ ထောက်ပြ အကြံပေးနေကြပေမယ့် လီဗာပူးနည်းပြ ကလော့ပ် အပါအဝင် တာဝန်ရှိသူ အများစုကတော့ ကွင်းလယ်လူ ခေါ်ယူမယ့်အစား တိုက်စစ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု အဖြစ် ပီအက်စ်ဗွီရဲ့ တိုက်စစ်မှူး ဂတ်ပိုကို ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင် အသုံးပြုကာ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Mirror

ဂတ်ပိုကို ပေါင် ၅၀သန်း ဝန်းကျင် သုံးစွဲကာ ခေါ်ယူခဲ့မှုရဲ့ အကျိုးဆက်ကြောင့် လီဗာပူးက ဆောင်းဈေးကွက် အတွင်းမှာ အရည်အသွေးမြင့် ကွင်းလယ်လူ တဦးကို ခေါ်ယူနိုင်ဖို့ ခက်ခဲသွားပြီး လီဗာပူးရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ ကာရေဂါက အကယ်၍ လီဗာပူးကသာ ကွင်းလယ်လူသစ် ထပ်မခေါ်ခဲ့ရင် လီဗာပူးဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်မှာ မဟုတ်ဘူးလို့ ယတိပြတ် ပြောကြားသွားခဲ့ပါတယ်။

ကာရေဂါက – “လီဗာပူးက ဘာကြောင့် လိုအပ်နေတဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ မစဉ်းစားတာလဲ ဆိုတာကို နားမလည်နိုင်ပါဘူး။ တကယ်လို့ လီဗာပူးကသာ သူတို့ဟာ ကွင်းလယ်လူသစ် ထပ်မခေါ်ပဲနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်မယ်လို့ တွေးနေမယ် ဆိုရင် ကျွန်တော်ကတော့ သူတို့ရဲ့ အတွေးဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။ လီဗာပူးရဲ့ တာဝန်ရှိသူတွေက ဂျာဂင် ကလော့ပ်ရဲ့ ပုံစံအတိုင်း မကစားနိုင်တဲ့ ကစားသမားတွေကို ကလော့ပ်ရဲ့ ကစားကွက်အတိုင်း လိုက်ကစားခိုင်းနေတာနဲ့ တူပါတယ်” ဆိုပြီး သူ့အသင်းဟောင်းရဲ့ အားနည်းချက်ကို အားမနာတမ်း ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။