ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နံပါတ်တစ် ဂိုးသမား ဒေးဗစ် ဒီဂီယာရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း ဂိုးသမား တဦးအား ခေါ်ယူချင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် စပိန်ဝါရင့်ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ ၂၀၁၁ခုနှစ်ထဲက အက်သလက်တီကို မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ဂိုးသမား တဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၂၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း အနည်းငယ်သာ ကျန်ရှိတော့သူ ဖြစ်ပါတယ်။

Photo Credit: Mirror

ဒီဂီယာက ဂိုးပေါက် ကာကွယ်ရာမှာ ထူးချွန်တဲ့ ဂိုးသမား ဖြစ်ပေမယ့် ဘောလုံးပေးပို့မှုနဲ့ နေရာယူမှုတို့မှာ အားနည်းချက်တွေ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ဒီဂီယာကို မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးကာ စာချုပ်သစ် ချုပ်မယ့် အစား ဘောလုံးပေးပို့မှု ကောင်းမွန်တဲ့ ထိပ်တန်း ဂိုးသမား တဦးအား ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဝှိုက်ဝဲလ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ကစားသမားတွေရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သတ်ပြီး တန်ဟက်ဂ်ကို လုပ်ပိုင်ခွင့် အပြည့် ပေးထားကာ တန်ဟက်ဂ်က ဒီဂီယာအား စာချုပ်သစ် ချုပ်ဖို့ ဆန္ဒရှိပေမယ့် စာချုပ်သစ်မှာ လုပ်ခလစာ လျှော့ယူခိုင်းဖို့ စဉ်းစားထားသလို စာချုပ်ကိုလည်း ကာလတို စာချုပ်တရပ်သာ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

Photo Credit: Mirror

အဲရစ် တန်ဟက်ဂ်က ဒီဂီယာရဲ့ အသင်းဖော်တွေ အပေါ် လွှမ်းမိုးနိုင်စွမ်းရှိမှုနဲ့ ခေါင်းဆောင်စိတ် အပြည့် ရှိပုံကို သဘောကျပေမယ့် ဒီဂီယာရဲ့ အသက်အရွယ်နဲ့ စွမ်းဆောင်ရည်ကြောင့် အသင်းအတွက် အားကိုးရမယ့် ထိပ်တန်း ဂိုးသမား တဦးကို ခေါ်ယူဖို့ လျာထားပြီး ဂိုးသမားသစ်သာ ရောက်လာရင် ဒီဂီယာဟာ အရန် ဂိုးသမား ဖြစ်သွားမယ်လို့လည်း ဝှိုက်ဝဲလ်က ဆိုပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ပေါ်တိုဂိုးသမား ကော်စတာနဲ့ ဘီလ်ဘာအို ဂိုးသမား အူနိုင်း ဆိုင်မွန်တို့ နှစ်ဦးကို အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီး ပြောင်းရွှေ့ကြေး သက်သာသလို လတ်တလောမှာ လက်စွမ်းကောင်းတွေ ရနေတဲ့ ကော်စတာဟာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။