ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ညာနောက်ခံလူ ရစ်စီဂျိမ်းစ်က လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားပေမယ့် သူဟာ ငယ်စဉ်ကတည်းက ချယ်လ်ဆီးကို အားပေးခဲ့သူ ဖြစ်တာကြောင့် ချယ်လ်ဆီးမှာပဲ ကာလရှည် ဆက်ရှိနေဖို့ အစီအစဉ် ရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ရစ်စီဂျိမ်းစ်က ချယ်လ်ဆီးရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း ညာနောက်ခံလူ တဦး ဖြစ်ပြီး သူ့ရဲ့ ပါဝါ အားကောင်းတဲ့ ကန်ချက်တွေ ၊ ကစားအား ကောင်းမွန်မှုတို့ကြောင့် ကျော်ကြားပါတယ်။

Photo Credit: Football London

ရစ်စီဂျိမ်းစ်က တိုက်စစ်နဲ့ ခံစစ်ကို မျှတအောင် ကစားနိုင်စွမ်း ရှိတဲ့ ထိပ်တန်း ညာနောက်ခံလူ တဦး ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ညာနောက်ခံလူ နေရာမှာ အားနည်းချက်တွေ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်က သူ့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်က မြန်နှုန်းမြင့် ကစားဟန်နဲ့ ကစားတတ်တဲ့ အသင်းတသင်း ဖြစ်တာကြောင့် ရစ်စီဂျိမ်းစ်ဟာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့ရင် အသင်းနဲ့ လိုက်ဖက်ညီနိုင်ဖွယ် ရှိပေမယ့် ရစ်စီဂျိမ်းစ်ကတော့ သူဟာ ချယ်လ်ဆီး ပရိသတ် တဦး ဖြစ်တာကြောင့် ချယ်လ်ဆီးမှာသာ အချိန်အကြာကြီး ဆက်လက် ကစားသွားချင်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Football London

ရစ်စီဂျိမ်းစ်က – “ကျွန်တော်က ချယ်လ်ဆီးမှာ အချိန်အကြာကြီး နေချင်ပါတယ်။ ကျွန်တော်က ချယ်လ်ဆီး ပရိသတ် တဦး အဖြစ်နဲ့ ကြီးပြင်းလာသလို ချယ်လ်ဆီးမှာလည်း နာမည်ကောင်း တခု ရနေပါပြီ။ ကျွန်တော်က ချယ်လ်ဆီးကို အမြဲတမ်း အားပေးခဲ့ရတာပါ။ ဒါကြောင့် ကျွန်တော်က အသင်းပြောင်းစရာ လိုတယ်လို့ မထင်ပါဘူး။ အခုချိန်မှာ ကျွန်တော်က ချယ်လ်ဆီးအတွက် ကစားပေးရတာကို အရမ်း ပျော်ရွှင်နေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။