ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ free agent ဖြစ်သွားခဲ့ရတဲ့ ဝေးလ်စ် ဝါရင့်ကစားသမားကြီး ဂါရတ်ဘေးလ်ဟာ သူရဲ့ မွေးရပ်မြေကလပ် ကာဒစ်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်လောင်ထောင် ထွက်ပေါ်နေခဲ့ပေမယ့်လည်း လက်ရှိမှာ အမေရိကန် မေဂျာလိဂ်ကလပ် လော့အိန်ဂျယ်လိစ်အက်စ်စီအသင်းဆီကိုသာ ပြောင်းရွှေ့ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
Photo Credit : Twitter
အသက်(၃၂)နှစ်အရွယ်ရှိ ဝေးလ်စ်လက်ရွေးစင် ကစားသမားကြီး ဂါရတ်ဘေးလ်ဟာ ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့ အစီအစဉ် ရှိထားခဲ့ပေမယ့်လည်း သူရဲ့ ဝေးလ်စ်အသင်းကို ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်တာကြောင့် retired လုပ်မယ့် အစီအစဉ်ကိုပါ ရွှေ့ဆိုင်းခဲ့တဲ့အပြင် လက်ရှိမှာလည်း ကလပ်အသင်းသစ် တစ်သင်းကိုပါ ရှာဖွေနေပါတယ်။ ဘေးလ်ဟာ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ သူ့စိတ်ကြိုက် ကလပ်အသင်း တစ်သင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့်ရရှိနိုင်တာဖြစ်ပြီး လက်ရှိမှာတော့ မေဂျာလိဂ်ကလပ် LAFC အသင်းဆီကို ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။
Photo Credit : Eurosport
ကာဒစ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းထိ သွားရောက်လည်ပတ်ခဲ့တဲ့ ဘေးလ်ဟာ မကြာခင်မှာ ကာဒစ်အသင်းဆီကို ပြောင်းရွှေ့တော့မယ်ဆိုပြီး သတင်းထွက်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ဘေးလ်က အီတလီ ဝါရင့်နောက်ခံလူကြီး ချီလီနီရဲ့ အသင်းသစ် ဖြစ်လာခဲ့တဲ့ LAFC အသင်းဆီ ပြောင်းရွှေ့ဖို့ကိုပဲ အံ့အားသင့်ဖွယ် ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဘေးလ်ဟာ သူရဲ့ ကလပ်အသင်းသစ် LAFC အသင်းနဲ့ ၂၀၂၃ခုနှစ် ဇွန်လအထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားပြီဖြစ်ပြီး တစ်နှစ် စာချုပ်သက်တမ်း ပြည့်မြောက်ချိန်မှာ နောက်ထပ် သက်တမ်းတိုးခွင့်ကိုပါ ထည့်သွင်းထားခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး လော့အိန်ဂျယ်လိစ်အသင်းဘက်က မကြာခင်မှာပဲ တရားဝင် ကြေညာချက် ထုတ်ပြန်ထားတော့မှာဖြစ်သလို ချီလီနီအပြီး နောက်ထပ် world class player တစ်ဦးကို အသင်းဆီ ထပ်မံခေါ်ဆောင်နိုင်ခဲ့တာကလည်း အသင်းအတွက် အားတတ်စရာ ဖြစ်လာနိုင်ပြီး လက်ရှိ မေဂျာလိဂ်ရဲ့ Western Conference ပိုင်း အမှတ်ပေးဇယားထိပ်မှာပါ လော့အိန်ဂျယ်လိစ်အသင်းက ရမှတ်(၃၀)နဲ့ ရပ်တည်နေတာဖြစ်လို့ ချန်ပီယံဆုအတွက်ပါ ပိုပြီး အလားအလာကောင်းလာနိုင်ပါတယ်။