၂၀၂၄ ခုနှစ်ရဲ့ ဘာလွန်းဒေါဆုရှင် ရိုဒရီဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရရှိခဲ့တဲ့ ပြင်းထန် ဒူးဒဏ်ရာကြောင့် ၂၀၂၅ မှာ သူ့ရဲ့ဆုကို ကာကွယ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ စပိန်ကွင်းလယ်လူရဲ့နေရာကို ဆက်ခံဖို့ ဘယ်ကစားသမားတွေက အဓိက ရေပန်းစားနေလဲ?

၅။ ကီလီယန် အမ်ဘာပေ (ရီးရဲလ်မက်ဒရစ်) ⬆️ (အဆင့်တက်)

Photo Credit : Goal

၂၀၂၄-၂၅ ရာသီအတွင်း: (၄၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၅)ကြိမ်။ ဥရောပစူပါဖလားနဲ့ Intercontinental ဖလားများဆွတ်ခူး

ဘာပေအနေနဲ့ သူ့ရဲ့ရီးယဲလ် မက်ဒရစ် ကစားသမားဘဝ အစပိုင်းမှာ သူကိုယ်တိုင်ရော အသင်းပရိသတ်တွေပါ မျှော်လင့်ထားသလောက် ပျော်ရွှင်ခဲ့ရချင်မှ ပျော်ရွှင်ခဲ့ရမှာပါ။ ဒါပေမဲ့ သူဟာ ဂိုးတော်တော်များများ သွင်းယူနိုင်ခဲ့ပြီး ဖေဖော်ဝါရီလက မန်စီးတီးနဲ့ပွဲမှာ အံ့မခန်း ဟက်ထရစ် သွင်းပြီးတဲ့နောက် သူ့ရဲ့ကစားပုံက နောက်တစ်ဆင့်တက်သွားပြီလို့ အများကမြင်ခဲ့ကြပါတယ်။ ဒါဟာ ဘာနေဗျူးကို သူတကယ် ရောက်လာပြီဆိုတဲ့ ကြေညာချက်လိုပါပဲ။

ဒါပေမဲ့ ရာသီနှောင်းပိုင်းရောက်လာချိန်မှာတော့ မက်ဒရစ်အတွက် အခြေအနေတွေက ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်ကို ချန်ပီယံလိဂ်မှာ အလွယ်တကူ အရေးနိမ့်ပြီး သူတို့ရဲ့သရဖူကို လက်လွှတ်ခဲ့ရသလို ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲမှာလည်း ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ရပါတယ်။ (အမ်ဘာပေရဲ့ သူရဲကောင်းဆန်မှုတွေ ရှိခဲ့ပေမယ့်ပေါ့)။ လာလီဂါဖလားကလည်း ဘာနေဗျူးကနေ ဘာစီလိုနာဆီ ပြန်ရောက်သွားခဲ့ပါတယ်။

ဘာပေက သူ့နိုင်ငံမှာ ဒီဆုရဲ့ဂုဏ်ဒြပ်ကြောင့် ဘာလွန်းဒေါဆုကို အလွန် လိုချင်တောင့်တနေတယ်ဆိုတာ လျှို့ဝှက်ချက် မဟုတ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဥရောပရွှေဖိနပ်ဆုနဲ့ပဲ ကျေနပ်ရဖို့များပါတယ်။

၄။ မိုဟာမက် ဆာလာ (လီဗာပူးလ်) ⬆️ (အဆင့်တက်)

Photo Credit : Goal

၂၀၂၄-၂၅ ရာသီအတွင်း: (၃၆)ဂိုးစွင်း၊ ဂိုးဖန်တီးမှု (၂၄)ကြိမ်။ ပရီးမီးယားလိဂ်ဖလားဆွတ်ခူး။

ဆာလာရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေဟာ လီဗာပူးလ်နဲ့ (၂)နှစ်သက်တမ်းတိုး စာချုပ်ချုပ်လိုက်ပြီးတဲ့နောက်မှာတော့ အဆုံးသတ်သွားခဲ့ပါပြီ။ ဒီစာချုပ်နဲ့ သူဟာ ထိုက်တန်တယ်ဆိုတာကို ဘယ်သူမှ ငြင်းနိုင်မှာမဟုတ်ပါဘူး။ အီဂျစ်ဘုရင်ဟာ နည်းပြသစ် အာနီ ဆလော့ လက်အောက်မှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်တွေ့ရုံတင်မက ပိုတောင်ကောင်းလာခဲ့ပြီး လီဗာပူးလ်ကို ပရီးမီးယားလိဂ်ဖလား လွယ်လွယ်ကူကူ ရရှိအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီဘာလွန်းဒေါ ပြိုင်ပွဲတစ်လျှောက်လုံးနီးပါး အဓိက ရေပန်းစားခဲ့သူ ဖြစ်ပေမယ့် လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ကနေ အံ့အားသင့်ဖွယ် ထွက်ခွာခဲ့ရမှုနဲ့ ရက်အနည်းငယ်အကြာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ သူကိုယ်တိုင် ခြေစွမ်းမပြနိုင်ခဲ့တာတွေက ဆာလာရဲ့မျှော်လင့်ချက်တွေကို ထိခိုက်စေခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွယ် ကစားသမားဟာ ၁၉၉၅ နောက်ပိုင်း အာဖရိကရဲ့ ပထမဆုံး ရွှေဘောလုံးဆုရှင် ဖြစ်လာနိုင်သေးပေမယ့် ၂၀၂၅ မှာ အဲ့ဒီလိုဖြစ်လာဖို့ အလားအလာကတော့ အများကြီးကျဆင်းသွားခဲ့ပါပြီ။

၃။ ရာဖင်ညာ (ဘာစီလိုနာ) ↔️ (အဆင့်မပြောင်း)

Photo Credit : Goal

၂၀၂၄-၂၅ ရာသီအတွင်း: (၃၉)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂၅)ကြိမ်။ လာလီဂါ၊ ကိုပါဒယ်ရေး နှင့် စပိန်စူပါဖလားများဆွတ်ခူး။

ရာသီအစမှာ ငြင်းခုံမှုတချို့ရှိခဲ့ပေမယ့် ရာဖင်ညာဟာ ဘာစီလိုနာရဲ့အားကောင်းတဲ့ တိုက်စစ်သုံးယောက်ထဲမှာ အဆုံးအဖြတ် အပေးနိုင်ဆုံး ဖြစ်တယ်ဆိုတာ ရာသီတစ်လျှောက်လုံးမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီး သူ့ရဲ့သွင်းဂိုးနဲ့ ဖန်တီးမှု အရေအတွက်ကလည်း ဒါကိုထောက်ခံနေပါတယ်။ လိဒ်ယူနိုက်တက် ကစားသမားဟောင်းဟာ နီကို ဝီလီယံစ်ကို ဘာစီလိုနာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့နွေရာသီက ရောင်းချခံရဖို့များခဲ့ပေမယ့် ဘရာဇီးလ်သားကတော့ ဒါကိုကျော်လွှားပြီး ဘလူးဂရာနာကို ပြည်တွင်းဖလား သုံးလုံးရအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။

ရာဖင်ညာဟာ သူ့ကစားသမားဘဝရဲ့အကောင်းဆုံး ဘောလုံးကစားနေတယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ ဒါက ဘလွန်းဒီအော်ဆုရဖို့ လုံလောက်ပါ့မလား?

၂။ လာမင်း ယာမယ်လ် (ဘာစီလိုနာ) ↔️ (အဆင့်မပြောင်း)

Photo Credit : Goal

၂၀၂၄-၂၅ ရာသီအတွင်း: (၁၉)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂၆)ကြိမ်။ လာလီဂါ၊ ကိုပါဒယ်ရေး နှင့် စပိန်စူပါဖလားများဆွတ်ခူး။

ဆုသက်တမ်း နှစ်ပေါင်း(၇၀)နီးပါးအတွင်း အသက်(၂၁)နှစ်မတိုင်ခင် ဘာလွန်းဒေါဆု ရဖူးသူ မရှိသေးပေမယ့် ယာမယ်လ်မှာ နောက်ထပ် ရာသီသုံးခုတောင် ရှိသေးတာကြောင့် ဒီစံချိန်ကို မချိုးနိုင်ရင် အံ့ဩစရာဖြစ်ပါလိမ့်မယ်။ လက်ရှိ ဘောလုံးလောကမှာ ဘာစီလိုနာ ဆယ်ကျော်သက်လေးထက် ပိုကြီးကျယ်တဲ့ အရည်အချင်းရှိသူမရှိသေးပါဘူး၊ ၂၀၂၄-၂၅ မှာ ပြသခဲ့သလိုပဲ သူက ပိုကောင်းသထက် ကောင်းလာဦးမှာပါ။

ကတ်တလိုးနီးယားမှာ သူ့အသင်းဖော်နှစ်ယောက်ထက် ဂိုးနည်းခဲ့ပေမယ့် လာလီဂါပရိသတ် အများအပြားကတော့ ဒီ(၁၇)နှစ်သားလေးဟာ စပိန်ရဲ့အထင်ကြီးစရာအကောင်းဆုံး တိုက်စစ်ကစားသမား ဖြစ်တယ်လို့ ပြောကြပါလိမ့်မယ်။ ချန်ပီယံလိဂ်မှာ အင်တာမီလန်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်လိုမျိုး အံ့မခန်း ခြေစွမ်းတွေနဲ့ ပေါင်းစပ်လိုက်ရင် သူဟာ ဘာစီလိုနာအသင်းတွင်းမှာ ရွှေဘောလုံးဆုအတွက် ထိပ်တန်း ကိုယ်စားလှယ်လောင်းဖြစ်လာနိုင်ပါတယ်။

၁။ အူစမန် ဒမ်ဘီလီ (ပဲရစ်စိန့်ဂျာမိန်း) ↔️ (အဆင့်မပြောင်း)

Photo Credit : Goal

၂၀၂၄-၂၅ ရာသီအတွင်း: (၃၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၅)ကြိမ်။ ချန်ပီယံလိဂ်၊ လီဂူး-၁၊ ပြင်သစ်ဖလား နှင့် ပြင်သစ်စူပါဖလားများဆွတ်ခူး။

ဒါဟာ ဒမ်ဘီလီအစစ် နောက်ဆုံးတော့ ပေါ်ထွက်လာတဲ့ရာသီလား?! ဘာစီလိုနာအတွက် ဒေါ့မွန်ကနေ ထွက်ခွာလာကတည်းက ပြင်သစ်တောင်ပံကစားသမားဟာ ရှားပါးအရည်အချင်းရှိသူဖြစ်တာ ထင်ရှားပေမယ့် ပရိသတ်တွေကို စိတ်ကျေနပ်စေတာထက် စိတ်ပျက်စေခဲ့တာပိုများပါတယ်။ ဒါပေမဲ့ နှစ်သစ်ကူးပြီးနောက်ပိုင်း ဒမ်ဘီလီဟာ ပီအက်စ်ဂျီမှာ ခြေစွမ်းမှန်တွေ့ရှိခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်တွေက ပြင်သစ်ချန်ပီယံတွေကို လီဂူး-၁ မှာ ဆက်လက်ကြီးစိုးနိုင်အောင် ကူညီပေးခဲ့ပါတယ်။

ချန်ပီယံလိဂ်ကို နောက်ဆုံးမှာ ရယူနိုင်ခဲ့တဲ့ သူတို့ရဲ့အိပ်မက်ဟာလည်း ဒမ်ဘီလီရဲ့ အန်ဖီးလ်နဲ့ အမ်းမရိတ်စ်ကွင်းတွေက ရှုံးထွက်အဆင့် သွင်းဂိုးတွေ ဗိုလ်လုပွဲက ဂိုးဖန်တီးမှု (၂)ကြိမ်တို့ကြောင့် တစ်စိတ်တစ်ပိုင်းအားဖြင့် အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဒီဇိုင်းယား ဒူးအေးရဲ့ ခြေစွမ်းပြမှုတွေကြောင့် ပီအက်စ်ဂျီ ဆယ်ကျော်သက်ကစားသမား ထိပ်တန်း(၁၀)ဦး စာရင်းဝင် လာခဲ့တယ်ဆိုပေမယ့် တစ်ဦးချင်းရော အသင်းလိုက်ပါ ၂၀၂၅ မှာ ဒမ်ဘီလီထက်ပိုပြီး အကျိုးဖြစ်ထွန်းခဲ့တဲ့ ကစားသမား မရှိသေးပါဘူး၊ ဒါကြောင့်ပဲ သူဟာ ဘာလွန်းဒေါဆုအတွက် သေချာပေါက် ရွေးချယ်ခံရသင့်သူအဖြစ် သတ်မှတ်ခံရသင့်ပါတယ်။