စက်တင်ဘာလ နိုင်ငံတကာပွဲစဉ်များအတွက် အနားမယူမီ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရာသီရဲ့ ပထမဆုံးနိုင်ပွဲကို မဖြစ်မနေ ရယူနိုင်ခဲ့ပါတယ်။ ဘန်လေအသင်းကို ၃-၂ ဂိုးနဲ့ အသည်းအသန်အနိုင်ရခဲ့တဲ့ပွဲစဉ်ဟာ အာဆင်နယ်ကို ရှုံးနိမ့်၊ ဖူဟမ်နဲ့ သရေကျ၊ လိဂ်ဖလားမှာ လိဂ်တူးကလပ် ဂရင်းဘီတောင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ဖိအားတွေကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ခဲ့ပါတယ်။
လက်ရှိအချိန် (စက်တင်ဘာ ၈ ရက်) မှာ ယူနိုက်တက်ဟာ (၄)မှတ်နဲ့ အဆင့် (၉)နေရာမှာ ရပ်တည်နေပြီး ဒီတစ်ပတ် မန်ချက်စတာဒါဘီမှာ ရင်ဆိုင်ရမယ့် မြို့ခံပြိုင်ဘက် မန်စီးတီးရဲ့ အထက်မှာ ရှိနေပါတယ်။ ဘန်လေကို နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့တာဟာ နည်းပြ ရူဘင် အာမိုရင်အတွက် သက်ပြင်းချစရာဖြစ်ခဲ့ပေမယ့် ရာသီကုန်မှာ ထိပ်ဆုံး (၆)သင်းနေရာအတွက် စိန်ခေါ်ချင်တယ်ဆိုရင်တော့ ဒီထက်ပိုကောင်းတဲ့ ခြေစွမ်းတွေ လိုအပ်နေမှန်း သူကိုယ်တိုင် ကောင်းကောင်းသိနေမှာပါ။ ဒါကတော့ လာမယ့် ရက်သတ္တပတ်တွေအတွင်း နည်းပြ အာမိုရင် ဖြေရှင်းရမယ့် အဓိကပြဿနာ (၃)ရပ် ဖြစ်ပါတယ်။

Photo Credit : Manchester Evening News
၁။ ရှုပ်ထွေးနေဆဲ ကွင်းလယ်ပြဿနာ
ယူနိုက်တက်ရဲ့ ကွင်းလယ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံးနီးပါး ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေခဲ့တာပါ။ နည်းပြ အာမိုရင်ဟာ မာသီးယက်စ် ကွန်ညာနဲ့ ဘရိုင်ယန် အမ်ဘူမိုတို့ ရောက်လာပြီးနောက် ဘရူနို ဖာနန်ဒက်စ်ကို ကွင်းလယ်ပိုနက်တဲ့ နေရာကို ပြန်ဆွဲကစားစေခဲ့ပါတယ်။ ဒါပေမဲ့ အသင်းခေါင်းဆောင် ဘရူနိုဟာ နံပါတ်(၈) ကစားသမားတစ်ယောက်မှာ ရှိသင့်တဲ့ ခံစစ်ပိုင်းအသိနဲ့ နေရာယူမှုမှာ အားနည်းချက်ရှိနေပါတယ်။
ဒါကြောင့် ဝါရင့်ကစားသမား ကက်စ်မဲရိုးကို သူ့ရဲ့ဘေးမှာ ပြန်လည်တွဲဖက်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ အသင်းရဲ့ မျှော်လင့်ချက်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မန်နူရယ် အူဂါတေးနဲ့ လူငယ်ကြယ်ပွင့် ကော်ဘီ မိုင်နူးတို့ကတော့ နည်းပြရဲ့ ယုံကြည်မှုကို ရရှိခြင်းမရှိသေးပါဘူး။ လာမယ့်ရာသီမှာ ဒီကစားသမားတွေ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေမလားဆိုတာ ဘယ်သူမှ အသေအချာမပြောနိုင်ပါဘူး။ ရေတိုမှာတော့ အာမိုရင်ဟာ အသင်းအတွက် လိုအပ်နေတဲ့ ကြံ့ခိုင်မှုနဲ့ အားကစားဆန်မှုကို ပေးစွမ်းနိုင်မယ့် ကွင်းလယ်အတွဲအဖက်တစ်ခုကို အမြန်ဆုံး ရှာဖွေရမှာ ဖြစ်ပါတယ်။

Photo Cerdit : Daily Mail
၂။ ဂိုးသမားနေရာအတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက် လိုအပ်လာခြင်း
ယူနိုက်တက်မှာ ဝါရင့်ဂိုးသမား (၄)ဦးအထိ ရှိနေတာဟာ ကွင်းလယ်လူဦးရေထက်တောင် များနေပါတယ်။ အန်ဒရေ အိုနာနာက တူရကီကလပ် ထရက်ဇွန်စပေါကို အငှားထွက်ဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကျန်တဲ့ ဂိုးသမားတွေထဲက တစ်ယောက်ကို ပုံသေရွေးချယ်ဖို့ လိုအပ်နေပါပြီ။
အယ်လ်တေး ဘာယင်ဒီယာဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ယုံကြည်စိတ်ချလောက်တဲ့ ခြေစွမ်းကို မပြသနိုင်ခဲ့ပါဘူး။ အသက် (၄၀)နားကပ်နေတဲ့ တွမ် ဟီတန်ကတော့ တတိယဦးစားပေးအဖြစ်သာ ဆက်ရှိနေမှာပါ။ လူသစ် ဆန်နီ လမ်းမန်စ်က နံပါတ် ၁ ဂိုးသမားဖြစ်လာနိုင်ခြေရှိပေမယ့် အသက် (၂၃)နှစ်အရွယ် ကစားသမားတစ်ယောက်ကို အရေးကြီးတဲ့ မန်ချက်စတာဒါဘီလိုပွဲမှာ ပွဲဦးထွက်စေဖို့ကတော့ စွန့်စားရာကျလွန်းနေပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ တည်ငြိမ်မှုအတွက် ဂိုးသမားတစ်ဦးကို ပြတ်ပြတ်သားသားရွေးချယ်ပြီး ယုံကြည်မှုပေးဖို့ အချိန်တန်နေပါပြီ။

Photo Credit : Manchester Evening News
၃။ တိုက်စစ်ပိုင်းမှာ ပြတ်သားမှု ပျောက်ဆုံးနေခြင်း
နည်းပြ အာမိုရင်ဟာ သူ့ရဲ့လူစာရင်းနဲ့ ပတ်သက်ရင် ပြတ်သားတဲ့သူတစ်ယောက်ပါ။ မားကပ်စ် ရပ်ရှ်ဖို့ဒ်၊ အလက်ဟန်ဒါရို ဂါနာချိုတို့လို ကစားသမားတွေကို အသင်းကနေ ဖယ်ထုတ်ခဲ့ပြီးဖြစ်သလို အိုနာနာလည်း ထွက်ခွာရဖွယ်ရှိနေပါတယ်။
အခု သူလိုချင်နေတာကတော့ ကစားသမားတွေရဲ့ တိုက်စစ်ပိုင်းက အဆုံးသတ်သေချာမှုပါပဲ။ ယူနိုက်တက်ဟာ (၃)ပွဲမှာ (၄)ဂိုးသွင်းထားပြီး ပင်နယ်တီတစ်လုံးလည်း လွဲချော်ခဲ့ပါတယ်။ သွင်းဂိုး (၄)ဂိုးမှာ (၂)ဂိုးက ကိုယ့်ဂိုးကိုယ်သွင်းဂိုးဖြစ်ပြီး တစ်ဂိုးက ဘန်လေနဲ့ပွဲက ဘရူနိုရဲ့ နောက်ကျပင်နယ်တီဖြစ်ပါတယ်။ အမ်ဘူမိုရဲ့ သွင်းဂိုးကလွဲရင် လိဂ်မှာ open play ကနေ တစ်ဂိုးမှ မရသေးပါဘူး။ မျှော်မှန်းဂိုး (Expected Goals) စာရင်းအရ ယူနိုက်တက်ဟာ ၆.၇၈ နဲ့ လိဂ်ထိပ်ဆုံးမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ ဂိုးကန်သွင်းမှု အကြိမ်အများဆုံးအသင်း ဖြစ်ပါတယ်။ ပြိုင်ဘက်ဂိုးဧရိယာထဲ ဘောလုံးထိတွေ့မှုလည်း အများဆုံး ဖြစ်ပါတယ်။