ရီးယဲလ် ဆိုစီဒက်အသင်းရဲ့ စပိန် ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီဟာ ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက လီဗာပူးလ်အသင်းဆီက ကမ်းလှမ်းလာမှုကို ငြင်းဆန် ပယ်ချမိခဲ့တဲ့အပေါ် နောင်တရနေပြီး လာမယ့် ဆောင်းဈေးကွက်မှာ လီဗာပူးလ်ဆီကနေ ကမ်းလှမ်းမှုကို ထပ်မံ မျှော်လင့်နေတယ်လို့ စပိန်မီဒီယာ Estadio Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

နွေဈေးကွက်တုန်းက ကစားသမားသစ် ခေါ်ယူမှု လုံးဝ မပြုလုပ်သေးတဲ့ လီဗာပူးလ်အသင်းဟာ နည်းပြ အာနာ ဆလော့လက်ထက် ပထမဆုံး ကစားသမား ခေါ်ယူမှုအဖြစ် ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းက စပိန်နဲ့အတူ တောက်ပခဲ့တဲ့ ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပါတော့တယ်။

Photo Credit : Goal

လီဗာပူးလ်ကလည်း ကွင်းလယ် နံပါတ်(၆)နေရာအတွက် ကစားသမားကောင်းတစ်ဦး လိုအပ်နေတာဖြစ်ပြီး ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်ဆီ ပြောင်းရွှေ့သွားတဲ့ ဖာဘင်ဟိုနေရာမှာ အစားထိုးနိုင်ဖို့ လိုအပ်တာကြောင့် ဇူဘီမန်ဒီကို ကြိုးပမ်းခဲ့ရာ အပြောင်းအရွှေ့က အပြီးသတ်နိုင်ဖို့ နီးစပ်နေရာကနေ ကစားသမားက ဆိုစီဒက်မှာ ဆက်နေဖို့ကိုပဲ ရွေးချယ်လိုက်ပါတယ်။

ဇူဘီမန်ဒီကို မခေါ်ယူလိုက်နိုင်တဲ့ လီဗာပူးလ်က တခြား ကွင်းလယ်ကစားသမားတွေ ထပ်မံ မကြိုးစားတော့ပဲ အသင်းက နယ်သာလန် ကွင်းလယ်လူ ဂရာဗန်ဘတ်ကိုသာ နံပါတ်(၆)နေရာမှာ အသုံးပြုခဲ့ရာ ဂရာဗန်ဘတ်က ခြေစွမ်းပြသနိုင်ခဲ့ပြီး အခုဆိုရင် အသင်းရဲ့ ကွင်းလယ်မှာ ပုံမှန် ပွဲကစားခွင့်တွေပါ ဆက်တိုက် ရရှိနေပါတယ်။

Photo Credit : Football365

ဆိုစီဒက်မှာပဲ ဆက်နေခဲ့တဲ့ ဇူဘီမန်ဒီကတော့ ဆိုစီဒက်ရဲ့ အဓိက ကစားသမားအဖြစ် ဆက်ရှိနေသေးပေမယ့်လည်း ဆိုစီဒက်အသင်းကတော့ ဒီရာသီမှာ ရလဒ်ပိုင်းတွေ တအား ဆိုးရွှားလို့နေပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၁၆)နေရာအထိတောင် ရောက်ရှိနေရသလို တန်းဆင်းဇုန်က အသင်းတွေနဲ့ပါ ရမှတ် (၁)မှတ်တည်းပဲ ကွာဟနေပါတယ်။

ဒီအခြေအနေမှာ အသက် (၂၅)နှစ်အရွယ် ကစားသမားက လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက်မှာပဲ ဆိုစီဒက်ကနေ ထွက်ခွာသွားချင်နေပြီး လီဗာပူးလ်အသင်းရဲ့ နောက်တစ်ကြိမ် ကမ်းလှမ်းမှုကိုပါ စောင့်မျှော်လို့နေတယ်လို့ စပိန် မီဒီယာ Estadio Deportivo က ဗြိတိန်မီဒီယာတစ်ခုက ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကို ကိုးကားရင်း ပြန်လည် ဖော်ပြထားခဲ့ပါတယ်။