အသက်(၄၀)နား ကပ်နေပေမယ့် ဘောလုံးသမားဘဝကို အနားမယူသေးပဲ ဘောလုံးသမားဘဝ ခရီးလမ်းကို ဆက်လက်ခရီးနှင်နေသေးတဲ့ ဝါရင့်ဆွီဒင်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ဟာ လက်ရှိ သူရဲ့ အသင်းဟောင်းဖြစ်တဲ့ အေစီမီလန်အသင်းမှာ ပါဝင်ကစားလို့နေပေမယ့် မကြာသေးခင်က လေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ရရှိသွားခဲ့တဲ့ ခြေသလုံးကြွက်သားာဒဏ်ရာကြောင့် ရက်ပိုင်းလပိုင်းများစွာ အနားယူသွားရဖို့ ရှိနေတဲ့အပြင် သူရဲ့ ဘောလုံးသမားဘဝကိုတောင် အဆုံးသတ်လိုက်ရဖွယ် ရှိနေတယ်လို့ သိရှိထားရပါတယ်။

Photo Credit : Getty Image

အသက်(၃၉)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဆွီဒင်တိုက်စစ်ကစားသမားကြီး မကြာသေးခင် ရက်ပိုင်းအတွင်းကမှ ပြန်လည်စတင်နေပြီဖြစ်တဲ့ အေစီမီလန်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ဒဏ်ရာဟောင်းတစ်ခုဖြစ်တဲ့ ခြေသလုံးကြွက်သားာဒဏ်ရာကို ပြန်လည်ရရှိသွားခဲ့တာဖြစ်ပါတယ်။ SportMediaset ရဲ့ ဂျာနယ်လစ်တစ်ဦးကတော့ မိုဗစ်ရဲ့ ဒဏ်ရာက ထင်ထားတာထက်ကို ဆိုးရွှားနိုင်တယ်လို့ သူရဲ့တွစ်တာပေါ်ကနေ ရေးသားဖော်ပြခဲ့သလို ရက်ပိုင်းမြောက်များစွာ အနားယူရနိုင်တာကြောင့် မိုဗစ်အနေနဲ့ သူရဲ့ ကစားသမားဘဝကို အဆုံးသတ်ရနိုင်မယ့် အခြေအနေမျိုးနဲ့တောင် ရင်ဆိုင်နေရပါတယ်။

Photo Credit : Getty Image

ဒဏ်ရာအခြေအနေကို အသေးစိတ် မသိရှိရသေးပဲ ယခင် ဆိုးဆိုးရွှားရွှား ခံစားခဲ့ရဖူးတဲ့ ဒဏ်ရာဟောင်းဖြစ်နေတာကြောင့် အခြေအနေဆိုးနိုင်ပြီး ဒီနှစ်ရာသီရဲ့ လက်ကျန်ဘောလုံးပွဲတွေကို လွဲချော်ရဖို့ကတော့ သေချာသလောက် ရှိနေရပါတယ်။ လက်ရှိမှာတော့ မီလန်အသင်းက မိုဗစ်ရဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးအဖြေရှာလျက် ရှိနေပါတယ်။ လာမယ့် အောက်တိုဘာလမှာ အသက်(၄၀)ပြည့်တော့မယ့် မိုဗစ်က အယ်အေဂလက်ဆီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှာ သက်တမ်းမတိုးတော့ပဲ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြန်သွားဖို့ နီးစပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ တခြားသော အသင်းဟောင်းတစ်သင်းဖြစ်တဲ့ အေစီမီလန်ဆီကိုပဲ ကာလတိုစာချုပ်နဲ့ ရောက်ရှိလာခဲ့ရပါတယ်။ မိုဗစ်က အေစီမီလန်အသင်းအတွက် (၁၀)ပွဲ ပါဝင်ကစားခဲ့ကာ သွင်းဂိုး(၄)ဂိုး ရယူပေးထားခဲ့ပြီး ဂိုးဖန်တီးမှု(၁)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ ဒဏ်ရာအခြေအနေနဲ့ အသက်အရွှယ်တို့ကြောင့် မိုဗစ်အနေနဲ့ မကြာခင်မှာပဲ သူရဲ့ ကစားသမားဘဝကို အဆုံးသတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာလာနိုင်ပါတယ်။