ဆွီဒင်ဝါရင့် တိုက်စစ်ကစားသမားကြီး ဇလာတန်အီဘရာဟီမိုဗစ်က သူပါဝင်ကစားခဲ့ဖူးတဲ့ ကလပ်အသင်းဟောင်းတွေထဲကမှ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားခဲ့ရခြင်းအပေါ် နှစ်သက်သဘောကျမိတယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပြီး ဒီလို နှစ်သက်ရခြင်းဟာလည်း သူ့ကို မုန်းတီးနေသူအားလုံး နှုတ်ပိတ်သွားအောင် လုပ်နိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ပါ ရှင်းလင်းပြောဆိုလာပါတယ်။

Zlatan Ibrahimovic loved playing for Man Utd so he could shut up his 'haters'

Photo Credit : The Sun

လက်ရှိမှာ အသက်(၄၀)အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ မိုဗစ်ဟာ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်က ပီအက်စ်ဂျီအသင်းကနေ ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး အသင်းနဲ့ တစ်ရာသီခွဲ ဖြတ်သန်းပြီးနောက်မှာ ယူရိုပါလိဂ် လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးနိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အခုလက်ရှိ အေစီမီလန်အသင်းမှာ ပါဝင်ကစားနေတဲ့ မိုဗစ်က နာမည်ကျော် အားကစားမီဒီယာကြီး ESPN ရဲ့ show တစ်ခုမှာ ပါဝင်လာရင်းနဲ့ သူရဲ့အသင်းဟောင်း ယူနိုက်တက်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : ESPN

မိုဗစ်က “ကျွန်တော် ပျော်ခဲ့တယ်။ ကျွန်တော် တကယ့်ကို သဘောကျ နှစ်သက်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အဲ့ဒီကို ရောက်သွားတုန်းက လူတိုင်းက အကောင်းမမြင်နိုင်ကြဘူး။ နောက်ပြီး အင်္ဂလန်မှာဆိုရင်လည်း သူတို့က ကျွန်တော့်ကို မကြိုက်ကြဘူး။ အဲ့ဒီလို မုန်းတီးနေကြသူတွေ အားလုံးက (၃)လလောက်လည်းကြာရော ကျွန်တော့်ကို စတင်ပြီး သဘောကျလာကြတယ်။ ကျွန်တော်ကတော့ သူတို့ကို သဘောမကျတော့ဘူး။ ကျွန်တော်ကတော့ ကျွန်တော့်အပေါ် မုန်းတီးနေတဲ့သူတွေကို သဘောကျတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေ ကျွန်တော့်ကို မုန်းနေကြတဲ့အခါ သူတို့တွေက ကျွန်တော့်ဆီကနေ အကောင်းဆုံးတွေ ထွက်လာအောင် လှုံဆော်နေသလိုပါပဲ။ ပြီးတော့ အင်္ဂလန်မှာ အကောင်းဆုံးအသင်းလို့ ကျွန်တော်ယူဆထားတဲ ယူနိုက်တက်အတွက် ကစားပေးခဲ့ရလို့ ပျော်ရွှင်မိတယ်။ အဲ့ဒီကိုသွားဖို့ ရွေးချယ်ခဲ့တာကလည်း မှန်ကန်ခဲ့တယ်လို့ ကျွန်တော် ထင်မိတယ်။ ကောင်းမွန်တဲ့ အခိုက်အတန့်အတွင်းမှာ ရောက်သွားခဲ့တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အောင်မြင်မှုတွေ ရယူထားပြီးသား အသင်းတစ်သင်းဆီကို ရောက်သွားဖို့ဆိုတာ လွယ်ကူတာမို့ပါ။ ဒါပေမယ့် ခင်ဗျား ရောက်သွားတဲ့အခါ ပိုခက်ခဲလာပြီး စိန်ခေါ်မှုတွေကလည်း ကွဲပြားလာပါတယ်” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။