အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဗရာဟီမိုဗစ်ကတော့ မကြာခင်မှာ အသက်(၄၀) ပြည့်တော့မှာဖြစ်ပေမယ့် သူရဲ့ကစားသမားဘဝကို အဆုံးသတ်ဖို့ အစီအစဉ် မရှိသေးပဲ နောက်နှစ်အနည်းငယ်အထိ ဆက်လက်ကစားချင်နေသူဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့ ရင်းနှီးမြှပ်နှံထားမှုတစ်ခုကြောင့် မိုဗစ်ဟာ (၃)နှစ်လောက်အထိ နှစ်ရှည်ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ် ရှိနေတာကြောင့် သူရှေ့ဆက်ချင်နေသေးတဲ့ ဘောလုံးသမားဘဝကိုပါ ဆုံးခန်းတိုင်လိုက်ရဖွယ် ရှိနေရပါတယ်။

Photo Credit : Daily Mail

လာမယ့် အောက်တိုဘာလမှာ အသက်(၄၀)ပြည်တော့မယ့် ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူးကြီး အီဗရာဟီမိုဗစ်ဟာ ၂၀၁၈ခုနှစ်တုန်းက မော်လ်တာအခြေစိုက် လောင်းကစားကုမ္မဏီတစ်ခုဖြစ်တဲ့ Bethard မှာ (၁၀)%နီးပါး ရင်းနှီးမြှပ်နှံထားခဲ့တာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကနေ သူ့ကို (၃)နှစ်နီးပါးလောက် ပွဲပယ်ပြစ်ဒဏ် ချမှတ်လာနိုင်တယ်လို့ ဆွီဒင်သတင်းစာ Aftonbladet ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ကနေလည်း မိုဗစ်ကို လွန်ခဲ့တဲ့ (၃)နှစ်လောက်ကတည်းက သတိပေးမှုတွေ လုပ်ဆောင်ခဲ့သလို ဒီကိစ္စကြောင့် ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ဆွီဒင်အသင်းက သူ့ကို ချန်လှပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

Photo Credit : Daily Mail

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA တို့ဟာ ဘောလုံးသမားတွေအနေနဲ့ လောင်းကစားကုမ္မဏီတွေထဲမှာ စီးပွားရေးအကျိုးတူ ပူးပေါင်းမှုတွေ ရှိထားခဲ့မယ်ဆိုရင် သူတို့တွေရဲ့ သက်ဆိုင်ရာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားတာကြောင့် အခုလို လောင်းကစားကုမ္မဏီနဲ့ ပူးပေါင်းထားတဲ့ မိုဗစ်အတွက် ဘောလုံးသမားဘဝ ဆုံးခန်းတိုင်ရမယ့် အနေအထားမျိုး ဖြစ်နေရပါတယ်။ အီဗရာဟီမိုဗစ်ဟာ Bethard လောင်းကစားလုပ်ငန်းကြီးမှာ စတုတ္ထမြောက် ရှယ်ယာအများဆုံး ပါဝင်ထားခဲ့သူဖြစ်ပြီး Bethard လုပ်ငန်းဟာလည်း လောင်းကစားလုပ်ငန်းတွေထဲမှာ ဝင်ငွေအရမ်းကောင်းတဲ့ လုပ်ငန်းတစ်ခု ဖြစ်လို့နေပါတယ်။ မိုဗစ်ကတော့ ဒီလို လောင်းကစားလုပ်ငန်းတစ်ခုမှာ သူပါဝင်နေရတယ်ဆိုပေမယ့် Bethard က သူ့အတွက် ထူးခြားမှုတွေ ရှိနေသလို ဆွီဒင်နိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေတဲ့အပြင် လုပ်ငန်းကို တည်ထောင်သူကလည်း သူရဲ့မွေးရပ်မြေက လူတစ်ယောက် ဖြစ်နေတာကြောင့် လက်တွဲလုပ်ကိုင်ခဲ့တာလို့ ပြန်လည်ဖြေရှင်းထားခဲ့ပါတယ်။