MySport Myanmar

သူက မေဂျာလိဂ် သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားလို့ ဇလာတန် ပြောကြား

အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီအသင်းမှာ နှစ်ရာသီခန့် ပါဝင်ကစားခဲ့ဖူးတဲ့ ဆွီဒင် ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်အီဘရာမိုဗစ်က သူဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတစ်ဦးလို့ ကြုံးဝါးပြောဆိုလိုက်သလို သိပ်မကြာခင်မှာပဲ မေဂျာလိဂ်ပြိုင်ပွဲဆီ ပြန်လာနိုင်တယ်လို့ပါ အရိပ်အမြွက် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Los Angeles Times

လက်ရှိမှာ အသက်(၄၀)အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဆွီဒင်တိုက်စစ်မှူးကြီး မိုဗစ်ဟာ ဆိုးရွှားတဲ့ ဒူးဒဏ်ရာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လမ်းခွဲရပြီးနောက် အယ်လ်အေဂလက်ဆီအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အသင်းမှာ အယ်လ်အေမှာ (၁၈)လအထိ ပါဝင်ခဲ့သလို အသင်းအတွက် (၅၈)ပွဲအတွင်း (၅၃)ဂိုးထိကို သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိ အေစီမီလန်အသင်းမှာ ပါဝင်ကစားနေတဲ့ မိုဗစ်က သူရဲ့မေဂျာလိဂ် အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး “ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော် မေဂျာလိဂ်ကို ကျေးဇူးတင်မိပါတယ်။ ဘာကြော်င့်လဲဆိုတော့ ကျွန်တော့် ကစားသမားဘဝကို ထပ်မံရှင်သန်နိုင်အောင် အခွင့်အရေးပေးတဲ့အတွက်ကြောင့်ပါ”

Photo Credit : 90Min

“ဒါပေမယ့် ပြသာနာက ကျွန်တော့်ကစားသမားဘဝက အရမ်းကို ရှင်သန်နေသေးတာပါပဲ။ ဒါကြောင့် ပြိုင်ပွဲတစ်ခုလုံးမှာ ကျွန်တော် အရမ်းကောင်းအောင် ကစားနိုင်ခဲ့တာ။ အဲ့ဒါကိုလည်း ကျွန်တော် ပြသနိုင်ခဲ့တယ်။ ပြီးတော့ ကျွန်တော်က မေဂျာလိဂ်မှာ ကစားဖူးသမျှ ကစားသမားတွေထဲက အကောင်းဆုံးပါပဲ။ ဒါက ကျွန်တော်ရဲ့ အတ္တရှိနေတာ ဒါမှမဟုတ် ဝင့်ကြွားမှု ရှိနေတာကို ပြသတာမျိုး မဟုတ်ပါဘူး။ ဒီစကားက အမှန်တရားပါ။ ကျွန်တော် အဲ့ဒီမှာ ရှိနေတုန်းက ကျွန်တော် ပျော်ရွှင်မိတယ်။ သူတို့ အလုပ်လုပ်ပုံ ပြိုင်ပွဲအတွက် မားကတ်တင်လုပ်နည်းတွေကို ကျွန်တော် သဘောကျမိတယ်။ မေဂျာလိဂ်မှာ ကစားရတာက ဒဏ်ရာကနေ သက်သာလာပြီး ပြန်ကစားဖို့အတွက် အကောင်းဆုံးနည်းလမ်းလို့ ကျွန်တော် ထင်ပါတယ်။ မေဂျာလိဂ်အတွက် ကစားပေးခဲ့ရတာကို အရမ်းဂုဏ်ယူမိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်တုန်းက သူတို့ရဲ့ ဘောလုံးကွင်းတွေမှာ နေရာလွတ်တွေ အများကြီး ရှိနေရချိန် ကျွန်တော် စ ကစားချိန်မှာ နေရာလွတ်တွေ မရှိသလောက် ဖြစ်လာရတယ်။ ဘွတ်ကင်တွေတောင် အရမ်းများလာခဲ့ရတယ်။ ဒါကြောင့် ကျွန်တော် ဒီမှာ ရှိနေရတဲ့အပေါ် မကျေမနပ် မဖြစ်နေရသလို အရမ်းပဲ ပျော်ရွှင်နေရတယ်” လို့ ပြောဆိုခဲ့ပြီး လာမယ့်အနာဂတ်မှာလည်း မေဂျာလိဂ်ပြိုင်ပွဲဆီ ပြန်လာနိုင်ဖွယ် ရှိတယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

Exit mobile version