MySport Myanmar

လစာလျှော့ယူပြီး အေစီမီလန်နဲ့ သက်တမ်းတိုးသွားတော့မယ့် ဝါရင့်ကစားမားကြီး မိုဗစ်

ဆွီဒင် ဝါရင့်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဘရာဟီမိုဗစ်ဟာ သူရဲ့လက်ရှိကလပ် အေစီမီလန်အသင်းနဲ့ နောက်ထပ်တစ်ရာသီ သက်တမ်းတိုးသွားဖို့ ဆုံးဖြတ်သွားခဲ့တယ်လို့ နာမည်ကျော် Sky Sports အားကစား သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Hurriyet Daily News

အသက်(၄၀)အရွယ်ရှိ ဆွီဒင်လက်ရွေးစင် တိုက်စစ်ကစားသမား မိုဗစ်ဟာ ၂၀၂၀ခုနှစ်ကတည်းက အယ်လ်အေဂလက်ဆီကနေ အေစီမီလန်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အသင်းနဲ့ နှစ်ရာသီဝက်အထိ ဖြတ်သန်းထားနိုင်ခဲ့ပါတယ်။ မိုဗစ်ဟာ လက်ရှိမှာ ဒူးဒဏ်ရာ ခံစားနေရပြီး အဲ့ဒီဒဏ်ရာကြောင့် ဘောလုံးကစားခြင်းကနေ အနည်းဆုံး (၇)လလောက်အထိ အနားယူရမှာဖြစ်လို့ မိုဗစ်ရဲ့ ဘောလုံးသမားဘဝက အဆုံးသတ်လုနီးပါး ဖြစ်နေခဲ့ရပေမယ့်လည်း မိုဗစ်ကတော့ မီလန်နဲ့ နောက်ထပ် တစ်နှစ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ပြီး မီလန်ဘက်ကလည်း မိုဗစ်ကို သက်တမ်းတိုးဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

မိုဗစ်ဟာ သူရဲ့ ဆိုးရွှားလှတဲ့ ဒူးဒဏ်ရာကြောင့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ မီလန်အသင်းရဲ့ ပွဲစဉ်တွေကို အတော်လေး လွဲချော်ရနိုင်တဲ့ အခြေအနေကြောင့် မိုဗစ်က သူရဲ့ လက်ရှိလုပ်ခလစာကို လျှော့ယူပြီး သက်တမ်းတိုးသွားဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဘဝအတွင်း မာလ်မို အေဂျက်စ် ဂျုဗင်တပ်စ် အင်တာမီလန် ဘာစီလိုနာ အေစီမီလန် ပီအက်စ်ဂျီ မန်ချက်စတာယူနိုက်တက် အယ်လ်အေဂလက်ဆီအသင်းတွေမှာ ပါဝင်ခဲ့ဖူးတဲ့ မိုဗစ်က သူရဲ့ ကလပ်အသင်း ကစားသမားဘဝမှာ (၈၆၂)ပွဲအထိကို ပါဝင်ကစားခဲ့ပြီး စုစုပေါင်းသွင်းဂိုး (၅၁၀)ဂိုး သွင်းယူနိုင်ခဲ့သလို ဆုဖလားများစွာကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း မီလန်အသင်းနဲ့အတူ အီတလီ စီးရီးအေဖလားကို တစ်ကျော့ပြန် ပိုင်ဆိုင်ခဲ့တဲ့ မိုဗစ်ဟာ မီလန်နဲ့ ဆက်လက် လက်တွဲပြီး လာမယ့် ဘောလုံးရာသီကို ဖြတ်သန်းသွားလိုပြီး မီလန်ရဲ့တိုက်စစ်မှာ ပုံမှန်ကစားခွင့်ရဖို့ တိုက်ပွဲဝင်သွားချင်နေပါတယ်။ ဒီလို အခြေအနေတွေကြောင့် မိုဗစ်က သူရဲ့ လစာကို လျှော့ယူပြီး မီလန်နဲ့ တစ်နှစ် သက်တမ်းတိုးသွားဖို့ စီစဉ်လာခဲ့ရတာဖြစ်ပြီး မီလန်ဘက်ကလည်း ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား အော်ရီဂီကို ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့်လည်း မိုဗစ်လို အသင်းရဲ့ ဝါရင့် အတွေ့အကြုံရင့် ကစားသမားတစ်ဦးကိုတော့ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖွယ် ရှိနေပါတယ်။

Exit mobile version