ရီးယဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း ဇီဒန်းက ပြင်သစ်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြရာထူးအတွက် အသင့်တော်ဆုံးသော နည်းပြတစ်ယောက်လို့ ရီးယဲလ်မှာ ဇီဒန်းနဲ့ အလုပ်တွဲလုပ်ကိုင်ဖူးသူ တိုနီကရူးစ်က ထောက်ခံ ပြောကြားလာခဲ့ပါတယ်။

Didier Deschamps has refused to confirm whether he will be the France manager in 2023

Photo Credit : Daily Mail

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၂၀၂၂ကမ္ဘာ့ဖလားဖိုင်နယ်ပွဲအတွင်း အာဂျင်တီးနားအသင်းကို ပင်နယ်တီ အဆုံးအဖြတ် ရှုံးနိမ့်ခဲ့ရင်း ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီးနောက် သတင်းထောက်တွေက နည်းပြဒေ့ရှောင့်အနေနဲ့ ပြင်သစ်နည်းပြအဖြစ် ဆက်လက် တာဝန်ယူသွားဦးမလားလို့ မေးမြန်းလာခဲ့ရာ ဒေ့ရှောင့်က ဖြေဆိုဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ နည်းပြဒေ့ရှောင့်ဟာ ပြင်သစ်အသင်းကို ၂၀၁၈နဲ့ ၂၀၂၂ခုနှစ်တွေမှာ ကမ္ဘာ့ဖလားဖိုင်နယ်တွေဆီ (၂)ကြိမ်ဆက်တိုက် တတ်လှမ်းနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၂၀၁၈မှာ ဗိုလ်စွဲခဲ့သေးသလို UEFA Nations League ဖလားကိုပါ ရယူနိုင်ခဲ့သူဖြစ်လို့ ဒီလို နည်းပြမျိုးကို အသင်းနဲ့ လက်တွဲဖြုတ်ဖို့ဆိုတာက အလွန် ခက်ခဲနိုင်ပါလိမ့်မယ်။

Zinedine Zidane has been backed to succeed Didier Deschamps should he quit as France boss

Photo Credit : Daily Mail

တကယ်လို့သာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဘက်က ဒေ့ရှောင့်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့နေရာအတွက် ရီးယဲလ်နည်းပြဟောင်း ဇီဒန်းနဲ့ အစားထိုးသင့်တယ်လို့ ဂျာမနီ ဝါရင့် ကွင်းလယ်ကစားသမား တိုနီကရူးစ် မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။ ဇီဒန်းနဲ့ ပတ်သတ်ပြီး ကရူးစ်က “Zizou(ဇီဒန်း)ဟာ ကောင်းမွန်တဲ့ ဆက်ခံသူသာမကပဲ အကောင်းဆုံးသော ဆက်ခံသူ ဖြစ်လာမှာ သေချာပါတယ်။ မေးခွန်းကြီးကတော့ ဒီဒီအာဒေ့ရှောင့်က ဘာကိုလိုချင်နေတာလဲ ဆိုတာပါပဲ။ ဇီဒန်းက ပြင်သစ်နည်းပြသစ် ဖြစ်လာဖို့ 70/30 အခွင့်အရေး ရှိတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ သူ တကယ်ပဲ နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်ချင်နေတယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ ကရူးစ်နဲ့ ဇီဒန်းတို့ဟာ ရီးယဲလ်အသင်းမှာ လက်တွဲခဲ့ကြဖူးသူတွေဖြစ်ပြီး အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ကြသလို အသက်(၅၀)အရွယ်ရှိ ဇီဒန်းဟာလည်း ဘောလုံးလောကအတွင်း ဘယ်နည်းပြမှ မစွမ်းဆောင်နိုင်ခဲ့ဘူးတဲ့ ဥရောပ ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက်တိုက်အထိ ရယူနိုင်ခဲ့ဖူးပါတယ်။ တကယ်လို့သာ ပြင်သစ်ဘက်ကနေ ဇီဒန်းကို လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခဲ့မယ်ဆိုရင်လည်း မနေ့ကမှ လက်ရွေးစင် ကစားသမားဘဝမှ အနားယူလိုက်တဲ့ ပြင်သစ် တိုက်စစ်ကစားသမားကြီး ဘန်ဇီမာအနေနဲ့လည်း လက်ရွေးစင်အသင်းဆီ ပြန်လည် ပါဝင်လာနိုင်တယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။