သိပ်မကြာခင်မှာပဲ ဖွင့်လှစ်သွားတော့မယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ကလပ်အသင်းများစွာရဲ့ ကမ်းလှမ်းမှုကို ရရှိလာနိုင်ဖွယ် ရှိနေတယ်လို့ ကောလဟာလ သတင်းတွေ ထွက်ပေါ်လို့နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဟာကင်ဇီယာဇ့်ရဲ့ အနာဂတ် အခြေအနေနဲ့ပတ်သက်ပြီး ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က သူရဲ့ကစားသမားကို အသင်းကနေ ထွက်ခွာခွင့်ပြုမှာ မဟုတ်ကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ မော်ရိုကိုလက်ရွေးစင် ကြယ်ပွင့်ကစားသမား ဇီယာ့ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို နည်းပြလမ်းပတ်ကနေ နည်းပြတူဟယ်လ် ပြောင်းလဲကိုယ်တိုင်ချိန်မှာ ဇီယာဇ့်ရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဇီယာဇ့်ဟာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း(၄)ပွဲသာ ပါဝင်ထားခဲ့ရပြီး အက်စတွန်ဗီလာအသင်းနဲ့ပွဲမှာသာ ပွဲချိန်ပြည့် ပါဝင်ခဲ့ရသလို လီဗာပူးလ် မန်စီးတီး စပါးတို့လို အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲကြီးတွေမှာလည်း အရန်ကစားသမားအဖြစ်သာ ရှိခဲ့ရပြီး လူစားဝင် ကစားခွင့်ပါ မရခဲ့ပဲ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Netherlands News Live

ဒီလို အခြေအနေမျိုး ရှိလို့နေတဲ့ ဇီယာဇ့်ကို ဒေါ့မွန်အသင်း အပါအဝင် ဂျုဗင်တပ်စ် အေစီမီလန်အသင်းတို့ကပါ ခေါ်ယူဖို့ စိတ်ဝင်စားလာသလို ဇီယာဇ့်ရဲ့ အနာဂတ်ကလည်း မရေမရာ ဖြစ်လာခဲ့ရတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ရာ ဇီယာဇ့်ကိစ္စကို အသင်းနည်းပြ တူဟယ်လ်က ပြန်လည်ရှင်းလင်း ပြောဆိုလာခဲ့ပါတယ်။ တူဟယ်လ်က “ဒါက အရမ်းလွယ်ပါတယ်။ ရာသီကြို ခြေစမ်းပွဲတွေမှာကတည်းက သူ တောက်ပခဲ့တယ်ဆိုတာကို ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ သူ ဒဏ်ရာရသွားခဲ့တာက သူ့အတွက် ကြီးမားတဲ့ ဆုတ်ယုတ်မှုတစ်ခုပါပဲ။ သူက ပခုံးဒဏ်ရာကြောင့် နာကျင်မှုတွေ လွတ်လွတ်ကင်းကင်း ကစားစေနိုင်ဖို့အတွက် ကြီးမားတဲ့ အကာအကွယ်တွေနဲ့ ကစားခဲ့ရတာပါ။ ဒါက သူရဲ့ကစားပွဲတွေ လှုပ်ရှားမှုတွေ ကစားဟန်နဲ့ Position တွေအတွက် အလွန် အရေးကြီးပါတယ်။ အခုကတော့ သူလည်း နောက်ပိုင်းပွဲတွေမှာ ပါဝင်လာခဲ့ရပါပြီ။ ကျွန်တော်တို့ဆီမှာ ဒဏ်ရာရ ကစားသမားတွေ ရှိလာတဲ့အတွက် ဒါကို သူလည်း အခွင့်အရေး ယူနိုင်မှာပါ။ အိုဒွိုင်းဘက်က အခွင့်အရေး ယူခဲ့သလိုပါပဲ။ အခု သူ ဆုံးဖြတ်ချက်တွေ ကောင်းလာတယ်။ ဂိုးဖန်တီးလာတယ်။ ဂိုးသွင်းတယ်။ ဒါက ကောင်းပါတယ်။ အခု လောလောဆယ်မှာတော့ သူရဲ့အနာဂတ်အတွက် ဘာမှတွေးစရာကို မရှိပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။