အေဂျက်စ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားဖြစ်တဲ့ ဟာကင်ဇီယက်ရှ်က ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်အနေနဲ့ သူ့ကို ချယ်လ်ဆီးအသင်းဆီ ခေါ်ယူနိုင်ဖို့အတွက် အတော်လေးကို ကြိုးစားခဲ့ရကြောင်းနဲ့ ဖုန်းလည်းပြောဖြစ်သလို နောက်ပိုင်းမှာလည်း အပြန်အလှန် စာတိုတွေ ပို့ဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။ ဇီယက်ရှ်ဟာ လာမယ့်ရာသီအစမှာ အေဂျက်စ်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် သဘောတူညီချက်ကို မကြာသေးခင်ကမှ ရယူထားနိုင်ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်၃၆.၇သန်းနဲ့ ပြောင်းရွှေ့မှာဖြစ်ပါတယ်။

Photo Credit : The Sun

ဇီယက်ရှ်ဟာ သူအနေနဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် နည်းပြဖရန့်လမ်းပတ်ရဲ့ အရေးအပါဆုံး အခန်းကဏ္ဍာကနေ ပါဝင်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး “တော်တော်လေး အရေးပါတဲ့နေရာကနေကို ပါဝင်ခဲ့တာပါ။ ကျွန်တော်တို့နှစ်ယောက်က နှစ်ပတ်တာလောက်အထိကို အဆက်အသွယ်တွေ လုပ်ခဲ့ကြတယ်။ ပထမတော့ ဖုန်းပေါ်မှာပဲ ပြောကြတာပေါ့နော်။ နောက်တော့ ကျွန်တော်တို့ စာတိုတွေပါ အပြန်အလှန်ပို့ဖြစ်ကြတယ်။ သူက ကျွန်တော့်အတွက် စိတ်ခံစားကောင်းတွေကို ပေးနိုင်ခဲ့တယ်။ အဲ့ဒါကြောင့်ပဲ ချယ်လ်ဆီးကို ရွေးချယ်လိုက်ဖို့ ကျွန်တော်ဆုံးဖြတ်ချက်ချဖြစ်ခဲ့တာ။ အရမ်းလည်း ပျော်ရွှင်နေသလို ဂုဏ်လည်းယူပါတယ်။ ပွဲထွက်ကစားရဖို့ကိုလည်း မစောင့်နိုင်တော့ဘူး”

Photo Credit : NY Times Post

“ချယ်လ်ဆီးဆိုတာ ပရီးမီးယားလိဂ်လို ထိပ်သီးဘောလုံးပြိုင်ပွဲကြီးမှာ ဝင်ရောက်ဆင်နွဲရနေတဲ့ ထိပ်တန်းအသင်းကြီးတစ်သင်းပါ။ သူတို့ရဲ့ ကစားဟန်ကိုလည်း အရမ်းသဘောကျမိတယ်။ သူတို့တွေက တိုက်စစ်အသားပေး ကစားတတ်တာဆိုတော့ ကျွန်တော့်ရဲ့ပုံစံနဲ့လည်း အံ့ဝင်ခွင့်ကျပဲလေ။ ဒါကလည်း ဒီအသင်းကို ရွေးရခဲ့ရတဲ့ အဓိကအချက်တွေထဲမှာ အပါအဝင်ပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ် အသက်၂၆နှစ်အရွှယ် မော်ရိုကိုလက်ရွေးစင် ကစားသမား ဇီယက်ရှ်ဟာ အေဂျက်စ်အသင်းမှာ အထူးခြေစွမ်းပြခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့သလို ဒီရာသီအတွင်း ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲမှာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတုန်းကလည်း ဂိုးဖန်တီးမှု ၃ကြိမ်နဲ့အတူ တစ်ပွဲလုံးရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ ဇီယက်ရှ်ဟာ သူရဲ့အသင်းသစ် ချယ်လ်ဆီးနဲ့ လာမယ့်ဇူလိုင်လထဲမှာ စတင်ပူးပေါင်းခွင့်ရတော့မှာပဲဖြစ်ပါတယ်။