ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားသစ် တစ်ဦး ဖြစ်သူ ဟာကင် ဇီရက်ဇ် ဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ရာသီကြို ခြေစမ်းပွဲမှာ အသင်း အတွက် ပထမဦးဆုံး အကြိမ်အဖြစ် ဝင် ကစားပေးခဲ့ပြီး ခြေစွမ်းကောင်းတချို့ ပြသနိုင်ခဲ့ပေမယ့် အသေးစား ဒဏ်ရာတစ်ခု ရရှိသွားခဲ့တယ် လို့ သိရပါတယ်။ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် ကစားသမား အသစ် နှစ်ဦး ဖြစ်တဲ့ တီမိုဝါနာနဲ့ ဟာကင် ဇီရက်ဇ်တို့ နှစ်ဦးစလုံးဟာ ပါဝင် ကစားခဲ့ပြီး ဇီရက်ဇ်ဟာ ဒဏ်ရာ ရခဲ့ပေမယ့် တီမိုဝါနာ ကတော့ အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Metro

ခြေစမ်းပွဲသာ ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းနည်းပြ ဖြစ်သူ လမ်းပတ်ဟာ ကစားသမားသစ် နှစ်ဦး ဖြစ်တဲ့ တီမိုဝါနာနဲ့ ဇီရက်ဇ်တို့ကို အချိန် အတော်များများ အသုံးပြုခဲ့ပြီး အသင်းနဲ့ အသားကျစေဖို့ အတွက် စီစဉ်ခဲ့ပါတယ်။ တီမိုဝါနာ ကတော့ အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၄မိနစ်မှာကတည်းက သွင်းယူပြခဲ့ကာ သူ့ရဲ့ ဂိုးသွင်းခြေစွမ်းကို ပြသခဲ့သလို ဇီရက်ဇ်ကလည်း သူ့ရဲ့ အတိုးအလှုပ်တွေနဲ့ ဘရိုက်တန်အသင်းရဲ့ ခံစစ်ကြောင်းကို ဒုက္ခပေးခဲ့ပါတယ်။ ဇီရက်ဇ်ဟာ တောင်ပံ ကစားသမား အိုဒွိုင်းအတွက် ခေါင်းတိုက် သွင်းဂိုး ရရှိနိုင်မယ့် အခွင့်အရေး တစ်ခုကို ဖန်တီးပေးနိုင်ခဲ့သလို နည်းပြ လမ်းပတ်ရဲ့ ကစားကွက်မှာ အံဝင်အောင် ကစားပြနိုင်ခဲ့တာကြောင့် လာမယ့် ဘောလုံးရာသီမှာ လမ်းပတ်နဲ့ ချယ်လ်ဆီးအသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်ပါတယ်။

Photo Credit: Metro

ဒါပေမယ့် ခြေစမ်းပွဲရဲ့ ဒုတိယပိုင်း အစမှာတော့ ဇီရက်ဇ်ဟာ ပြစ်ဒဏ်ဘောတစ်ခုကို ကန်ခဲ့ရာမှာ အသေးစား ဒဏ်ရာ တစ်ခု ရရှိသွားတယ် လို့ သိရပါတယ်။ ဇီရက်ဇ်ဟာ ပြစ်ဒဏ်ဘော ကန်သွင်းရာကနေ ဟန်ချက်ပျက်ကာ အသေးစား ဒဏ်ရာတစ်ခု ရရှိသွားခဲ့တာ ဖြစ်ပြီး ဒဏ်ရာ ရရှိသွားတဲ့ အချိန်မှာပဲ ဇီရက်ဇ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ဆေးအဖွဲ့ကို ခေါ်ယူကာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဇီရက်ဇ်ဟာ ဂယ်လက်ဟာနဲ့ လူစားလဲခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ ပရိသတ်တွေဟာ ဇီရက်ဇ်ရဲ့ ဒဏ်ရာအပေါ် စိတ်ပူနေကြပြီး ဒဏ်ရာပြဿနာ ကျွမ်းကျင်သူတွေ ကတော့ ဇီရက်ဇ်ရဲ့ ဒဏ်ရာဟာ အသေးစား ဒဏ်ရာသာ ဖြစ်တာကြောင့် ရက်အနည်းငယ်သာ အနားယူရမှာ ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။