အီတလီ စီးရီးအေပြိုင်ပွဲရဲ့ ထိပ်တန်းကလပ် အေစီမီလန်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗီယာဂျရူးနဲ့ နောက်ခံကစားသမား တိုမော်ရီတို့ကို ခေါ်ယူအားဖြည့်နိုင်ခဲ့သလို အခုလည်း ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဟာကင်ဇီယက်ရှ်ကိုပါ အဓိကပစ်မှတ်အဖြစ်နဲ့ သတ်မှတ်ထားနေတယ်သေးတယ်လို့ Calciomercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempreinter

အသက်(၂၈)နှစ်အရွှယ်ရှိ မော်ရိုကိုလက်ရွေးစင် ကွင်းလယ်ကစားသမား ဇီယက်ရှ်ဟာ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်း အေဂျက်စ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၉)ပွဲအထိကို ပါဝင်ကစားခဲ့ပြီး (၆)ဂိုးသွင်းယူနိုင်ခဲ့ကာ (၄)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ နည်းပြဟောင်း ဖရန့်လမ်းပတ်လက်အောက်မှာ ပွဲထွက်ကစားခွင့်တွေ အတော်အတန် ရရှိခဲ့ပေမယ့် အသင်းကို နည်းပြတူဟယ်လ် ရောက်ရှိလာချိန်မှာတော့ ဇီယက်ရှ်ဟာ အရန်ကစားသမားအဖြစ်လောက်နဲ့သာ ပါဝင်နေရတာဖြစ်လို့ သူရဲ့အနာဂတ်အခြေအနေလည်း အနည်းငယ် မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Football London

ဒီလို အခြေအနေ ရှိနေရတဲ့ ဇီယက်ရှ်ကို အေစီမီလန်အသင်းကနေ ပြီးခဲ့တဲ့ ဇွန်လကတည်းကနေ စတင်စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဇီယက်ရှ်ကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်နဲ့ သတ်မှတ်ထားနေတာဖြစ်တယ်လို့ အီတလီအခြေစိုက် Calciomercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ မနှစ်က ဘောလုံးရာသီအတွင်း အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပြီး အသင်းနဲ့ နှစ်အနည်းငယ် အလှမ်းဝေးနေရတဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိနိုင်ခဲ့တဲ့အတွက် နွေစျေးကွက်အတွင်း လူအင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေရနတာဖြစ်သလို တကယ့်ကို ဘောလုံးအရည်အသွေး ကောင်းမွန်လှတဲ့ ဇီယက်ရှ်လို ကစားသမားမျိုးကိုပါ အလိုရှိနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ အသင်းပြောင်းဖို့ ဆန္ဒမရှိပဲ ချယ်လ်ဆီးအသင်းမှာသာ ဆက်လက်ပါဝင်ကစားသွားပြီး နေရာတစ်နေရာအတွက် တိုက်ပွဲဝင်သွားဖွယ်သာ ရှိနေတယ်လို့လည်း လန်ဒန်အခြေစိုက် Football London ကနေ ဖော်ပြထားခဲ့ပါတယ်။