ဒီနွေမှ ဘိုလော့ဂ်နာကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဂျိုရှုအာ ဇက်ခ်ဇီးဟာ လက်ရှိမှာ ပုံမှန်ခြေစွမ်းတွေ မပြသနိုင်တဲ့ အခြေအနေတွေကြောင့် မန်ယူနိုက်တက် ကစားသမား မဖြစ်သင့်တဲ့သူလို့ပါ ဝေဖန်သတ်မှတ်ခံနေရပါတယ်။
အသက် (၂၃)နှစ်အရွယ် ဘိုင်ယန်ကစားသမားဟောင်း ဇက်ခ်ဇီးဟာ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်အတွက် အရေးပါတဲ့ အနိုင်ဂိုး သွင်းယူခဲ့ပြီးနောက်ပိုင်းကတည်းက တောက်လျှောက် ပျောက်နေခဲ့ရပြီး ပုံမှန်ခြေစွမ်းပါ ပျောက်ဆုံးနေရလို့ ဝေဖန်ခံနေရပါတယ်။
Photo Credit : Eurosport
လက်ရှိမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၀)ပွဲအထိ ကစားထားပြီးချိန်မှာ ဖူလ်ဟမ်နဲ့ပွဲက ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နောက်ထပ် ဂိုးတွေလည်း မသွင်းနိုင် ဂိုးဖန်တီးမှုလည်း မလုပ်ထားနိုင်တဲ့အပေါ် ဇက်ခ်ဇီးကို ဘောလုံသမားဟောင်းနဲ့ pundit တွေက ဝေဖန်မှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။
“ဟွိုင်လန်း ကစားတာကို ကြည့်ရတာ အဆင်ပြေသယောင် ရှိနေတယ် ဆိုပေမယ့် သူက တစ်ရာသီ ဂိုး(၂၀)အထိ သွင်းယူနိုင်မလားဆိုရင်တော့ ကျွန်တော်ကတော့ မထင်ပါဘူး။ ဒါဆို ဇက်ခ်ဇီးကရော။ သူက အထောင်တိုက်စစ်နေရာမှာ ကစားတာလား။ နောက်ချန်တိုက်စစ်နေရာမှာ ကစားတာလားတောင် သေချာမသိဘူး။”
Photo Credit : GiveMeSport
“သူ့ကိုလည်း တစ်ရာသီ ဂိုး(၂၀) သွင်းယူပြနိုင်မလားဆိုရင်လည်း ကျွန်တော့်အဖြေကတော့ မထင်ပါဘူးဘဲ။ သူတို့တွေက အမှန်တကယ် သက်သေပြထားတဲ့ အရည်အသွေးတွေထက် မျှော်လင့်ချက်ကို ပိုအားကိုးပြီးတော့ ပိုက်ဆံတွေ အကုန်ခံနေတာလို့ပဲ ကျွန်တော် မြင်မိပါတယ်။” လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ပေါလ်စခိုးက မှတ်ချက်ပြုသွားခဲ့ပါတယ်။
ဒါ့အပြင် ချယ်လ်ဆီးအသင်းရဲ့ စကော့တလန် ကစားသမားဟောင်းကြီး ခရစ် ဘာလေကလည်း ဇက်ခ်ဇီးဟာ ဘယ်တော့မှ မန်ချက်စတာ ယူနိုက်တက် ကစားသမားတစ်ဦး ဖြစ်မလာရမယ့် ကစားသမားလို့ပါ ပြင်းပြင်းထန်ထန် မှတ်ချက်ပြုသွားခဲ့ပါသေးတယ်။