ပြင်သစ်အခြေစိုက် နာမည်ကျော် မီဒီယာတစ်ခုဖြစ်တဲ့ RMC ရဲ့ ဂျာနယ်လစ်ကြီး ရီအိုလိုကနေ လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ လက်ရှိနည်းပြ မာရီစီယိုပိုချက်တီနိုနဲ့ လက်တွဲဖြုတ်ပြီး သူတို့အလိုရှိနေတဲ့ နည်းပြတစ်ဦးဖြစ်တဲ့ ဇီဒန်းကို အသင်းရဲ့ နည်းပြသစ်အဖြစ် ပြောင်းလဲခန့်အပ်သွားမှာ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုလာခဲ့ပါတယ်။
Photo Credit : France 24
ပြင်သစ်ဘောလုံးသမားဟောင်းနဲ့ ဘောလုံးနည်းပြတစ်ဦးဖြစ်တဲ့ ဇီဒန်းဟာ သူရဲ့ကလပ်အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ၂၀၂၁ခုနှစ် မေလနောက်ပိုင်းကတည်းက ဘောလုံးလောကထဲက ပြန်လည်မဝင်ရောက်နိုင်သေးပေမယ့်လည်း မန်ချက်စတာယူနိုက်တက် ပီအက်စ်ဂျီ စပါးအသင်းတွေနဲ့ သတင်းတွေ တောက်လျှောက်ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဇီဒန်းက ပြင်သစ်လက်ရွေးစင်အသင်းကိုသာ ဦးစားပေး ကိုင်တွယ်ချင်နေပြီး ဒီဆန္ဒသာ မဖြစ်လာခဲ့ရင် ပြင်သစ်လီဂူးရဲ့ ထိပ်တန်းအသင်းကြီး ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်ချင်နေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဘက်ကလည်း ဇီဒန်းကို အလိုရှိနေပေမယ့် လက်ရှိနည်းပြ ပိုချက်တီနိုကို အလျင်စလို ထုတ်ပယ်သွားဖို့ ဆန္ဒမရှိတဲ့အတွက် ဒီနှစ်ဘောလုံးရာသီအကုန်မှသာ နည်းပြအပြောင်းအလဲ တစ်ခုကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Photo Credit : Daily Mail
ဒီအကြောင်းအရာတွေကို နာမည်ကြီး ပြင်သစ်သတင်းထောက် ရီအိုလိုက ထုတ်ဖော်ပြောဆိုလာခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ လာမယ့် ၂၀၂၂ခုနှစ် ဇွန်လမှာပဲ ပိုချက်တီနိုကို ထုတ်ပယ်ကာ ဇီဒန်းနဲ့ ပြန်လည်အစားထိုးသွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ရီအိုလိုက ပီအက်စ်ဂျီအသင်းဆီကို လီယွန်နယ်မက်ဆီ ရောက်ရှိလာနိုင်ဖွယ် ရှိတယ်လို့ အစောဆုံး ထုတ်ဖော်ပြောဆိုခဲ့သူလည်း ဖြစ်တာကြောင့်မို့ သူရဲ့သတင်းတွေက ယုံကြည်စိတ်ချရနိုင်ပြီး ပီအက်စ်ဂျီအနေနဲ့ကလည်း ဇီဒန်းကို ခေါ်ယူမှုကနေ နောက်ဆက်တွဲ အကျိုးကျေးဇူးတွေကိုပါ ထပ်မံမျှော်လင့်ရလာနိုင်ပါတယ်။ ဒါကတော့ ရာသီအကုန်မှာ အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် ကြယ်ပွင့်ကစားသမား ကီလီယန်အမ်ဘာပေကို အသင်းမှာပဲ ဆက်လက်ရှိနေစေဖို့ ဖြစ်ပါတယ်။ ဇီဒန်းဟာ ဘာပေ သဘောအကျရဆုံးသော ဘောလုံးသမားကြီး ဖြစ်ခဲ့တဲ့အပြင် ဘာပေကိုယ်တိုင် ဇီဒန်းလက်အောက်မှာ ပါဝင်ကစားဖို့ စိတ်ဆန္ဒပြင်းပြခဲ့ဖူးတာကြောင့် ဇီဒန်းသာ အသင်းကို ရောက်လာရင် ဘာပေကို ဆက်ထိန်းထားနိုင်မယ်လို့ ပီအက်စ်ဂျီဘက်က ယုံကြည်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပေက အသင်းပြောင်းဖို့ အထူးသဖြင့် ရီးယဲလ်ကို ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အခြေအနေမျိုး ရှိနေမယ်ဆိုရင်တော့ ဇီဒန်းရောက်လာခဲ့ရင်တောင် ဘာပေရဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည်ပြုပြင်ဖို့ ခက်ခဲရနိုင်ပါတယ်။