လက်ရှိအချိန်မှာ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြဇီဒန်းဟာ မကြာသေးခင်ကမှ နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်လာတော့မယ်လို့ အသိပေး ပြောကြားထားခဲ့သလို လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရလည်း ပြင်သစ်လက်ရွေးစင်အသင်းက ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လက်ရှိနည်းပြ ဒေ့ရှောင်ရဲ့နေရာမှာ ဇီဒန်းကို အစားထိုးသွားလိမ့်မယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Zidane will take charge of France after the World Cup

Photo Credit : The Sun

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း ဇီဒန်းဟာ ပြီးခဲ့တဲ့နှစ် မေလကပဲ ရီးယဲလ်အသင်းနဲ့ ဒုတိယအကြိမ် လမ်းခွဲခဲ့ရပြီးနောက်ပိုင်းကတည်းက ခုချိန်ထိကို ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်း မရှိသေးပဲ အသင်းလက်မဲ့အဖြစ်သာ ရှိနေရပါတယ်။ ထိပ်တန်းကလပ်အသင်း တစ်သင်းသင်းက နည်းပြခန့်အပ်ဖို့ လိုအပ်တဲ့ အခါတိုင်းမှာ အဲ့ဒီအသင်းတွေနဲ့ သတင်းထွက်ပေါ်လေ့ရှိတဲ့ ဇီဒန်းဟာ သိပ်မကြာသေးခင်က သူ့အနေနဲ့ နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်တော့မှာဖြစ်ကြောင်း အသိပေးလာခဲ့ပြီး နည်းပြ အပြောင်းအလဲ လုပ်ဆောင်ချင်နေတဲ့ ကလပ်အသင်းတွေဟာလည်း ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် စောင့်ကြည့်လာခဲ့ကြပါတယ်။

Zinedine Zidane Steps Down as Real Madrid Manager - WSJ

Photo Credit : The Wall Street Journal

ပီအက်စ်ဂျီ ဂျုဗင်တပ်စ်အသင်းတွေကို ကိုင်တွယ်ခွင့်ရဖို့ နီးစပ်ခဲ့သေးတဲ့ ဇီဒန်းဟာ ဒီကလပ်အသင်းတွေထက် သူရဲ့နိုင်ငံအသင်းဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်အသင်းကိုသာ ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေသလို ပြင်သစ်အသင်းဟာလည်း ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာပဲ လက်ရှိနည်းပြ ဒေ့ရှောင့်နေရာမှာ ဇီဒန်းနဲ့ အစားထိုးသွားဖို့ စီစဉ်လျက် ရှိနေတယ်လို့ သိရပါတယ်။ ဇီဒန်းဟာ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီးနောက် ရီးယဲလ် လူငယ်အသင်းမှာ နည်းပြအဖြစ် ဆောင်ရွှက်ခဲ့ရင်းနဲ့ ရီးယဲလ်ရဲ့ အားကစားဒါရိုက်တာအဖြစ်ရော အန်စလော့တီရဲ့ လက်ထောက်နည်းပြအဖြစ်နဲ့ပါ တာဝန်ယူခဲ့ပါတယ်။ ၂၀၁၆ခုနှစ်မှာ ရီးယဲလ်က ဘင်နီတက်ဇ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဇီဒန်းကို အသင်းနည်းပြအဖြစ် တာဝန်ပေးခဲ့ရာကနေ အသင်းအတွက် ချန်ပီယံလိဂ်သမိုင်းမှာ ဘယ်နည်းပြမှ မစွမ်းဆောင်နိုင်ခဲ့ဘူးနတဲ့ (၃)နှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အပြင် လာလီဂါ ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းမျိုးတွေ ပိုင်ဆိုင်ထားတဲ့ ဇီဒန်းကို ပြင်သစ်နည်းပြအဖြစ် တာဝန်ပေးသွားဖို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ဆန္ဒရှိနေသလို ဇီဒန်းကိုယ်တိုင်ကလည်း ပြင်သစ်နည်းပြရာထူးကို စိတ်ဝင်စားလျက် ရှိနေပါတယ်။