ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းကတော့ လတ်တလောမှာ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပါ ကောလဟာလတွေ ထွက်ပေါ်နေရတဲ့ အသင်းရဲ့နောက်ခံကစားသမား ရာဖယ်လ်ဗာရန်းကို အသင်းကနေ ရောင်းထုတ်သွားမှာမဟုတ်ပဲ ဗာရန်းဟာ သူ့အတွက် အသင်းအတွက် အရေးပါဆုံး ကစားသမားတစ်ယောက်အဖြစ်နဲ့ ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုလို့သွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ််လက်ရွေးစင်နောက်ခံကစားသမား ဗာရန်းဟာ ရီးရဲလ်အသင်းကို ၂၀၁၁ခုနှစ်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး သူရဲ့ကစားသမားဘဝကလည်း ရီးရဲလ်ကို ရောက်ရှိလာပြီးနောက်ပိုင်းမှာပဲ တစ်ဆစ်ချိုး ပြောင်းလဲခဲ့ကာ အောင်မြင်မှုတွေများစွာ ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဗာရန်းက မနှစ်က ဘောလုံးရာသီ မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဒုကျော့ပွဲစဉ်မှာ ပေးဆပ်မှုများခဲ့ရတဲ့ အမှားတွေကို ကျူးလွန်မိခဲ့ရာကနေ သူရဲ့ခြေစွမ်းတွေက အရင်လို ပြန်လည်တည်ငြိမ်ဖို့အတွက် ရုန်းကန်နေရခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီလိုအခြေအနေတွေ ရှိလို့နေတဲ့ ဗာရန်းဟာ အသင်းနဲ့လည်း စာချုပ်သက်တမ်းက တစ်နှစ်ကျော်လောက်ပဲ ကျန်ရှိနေတော့တာဖြစ်လို့ သူ့ကို ရီးရဲလ်အနေနဲ့ လာမယ့်နွေစျေးကွက်အတွင်း အသင်းကနေ ရောင်းထုတ်လာဖွယ်ရှိသလို သူ့ကိုလည်း ယူနိုက်တက်အသင်းကနေ ခေါ်ယူသွားလိမ့်မယ်ဆိုပြီး ကောလဟာလသတင်းတွေ အတော်လေး ထွက်လာခဲ့ရပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်ပြီး ရီးရဲလ်နည်းပြဇီဒန်းက “သူက အသင်းရဲ့အစိတ်အပိုင်းတစ်ခုပါ။ သူ့လို ကစားသမားမျိုးကို အသင်းမှာ ရှိနေတာကလည်း ကျွန်တော်တို့အတွက် အရမ်းကံထူးတယ်။ သူက အရမ်းကောင်းတဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီးတော့ ဒီကိုရောက်လာပြီးနောက်ပိုင်းမှာလည်း အောင်မြင်မှုအများကြီးကို ပိုင်ဆိုင်ခဲ့တာပါ။ သူလို ကစားသမားမျိုးက အသင်းအတွက်တော့ ရောင်းချရမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ ဒါတော့ သေချာပါတယ်။ ဒါက အရှင်းလင်းဆုံးပါပဲ။ လူတွေကတော့ အမျိုးစုံပြောနေကြမှာပဲ။ ဒါပေမယ့် ကျွန်တော်ရဲ့ဘက်ကနေ ပြောရမယ်ဆိုရင်တော့ သူက ကျွန်တော်တို့ အဓိက ကစားသမားတစ်ယောက်ပါ။ အသင်းဘက်ကလည်း ကျွန်တော့်အတိုင်းပဲ သတ်မှတ်ထားမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ နည်းပြဇီဒန်းအနေနဲ့ ဗာရန်းကို ရောင်းချသွားမှာမဟုတ်ပေမယ့်လည်း အသင်းရဲ့ အဓိက နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ရာမို့စ်ကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ လက်လွတ်ရဖွယ် ရှိလို့နေပြီး သူရဲ့နေရာအတွက်လည်း ဘိုင်ယန်က အလာဘာနဲ့ ပြန်လည်အစားထိုးဖွယ် ရှိနေပါတယ်။