လတ်တလောမှာ ရီးရဲလ်မက်ဒရစ်အသင်းက အိမ်ကွင်းတွေမှာ တန်းတတ်ကာဒစ်ဇ်အသင်းနဲ့ ကိုဗစ်ပိုး ကူးစက်ခံရတဲ့ ကစားသမားတွေ အများအပြားရှိလို့နေတဲ့ ရှက်တာဒိုးနက်အသင်းတို့ကို ဆက်တိုက်အရေးနိမ့်ခဲ့ပြီး ရလဒ်တွေ အတော်လေးကို ဆိုးရွှားနေခဲ့ရပါတယ်။ ဒီလို ရလဒ်ဆိုးနေချိန်မှာပဲ သူတို့အသင်း ဆက်လက်ရင်ဆိုင်ရမယ့် ပြိုင်ဘက်က သူတို့ရဲ့ အယ်ဂလက်စီကိုဒါဘီပြိုင် ဘာစီလိုနာအသင်းဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းအတွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Photo Credit : Daily Mail

မနှစ်က ဘောလုံးရာသီမှာ အသင်းအတွက် လာလီဂါဆုဖလားကို ရယူပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလားကိုလည်း (၃)နှစ်ဆက်တိုက် အရယူဆောင်ပေးခဲ့တဲ့ ဇီဒန်းရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ဘာစီလိုနာရဲ့အိမ်ကွင်းနူးကမ့်မှာ သွားရောက်ကစားခဲ့ရတဲ့ ပွဲစဉ်တိုင်းမှာ အိမ်ရှင်အသင်းကို လုံးဝမရှံးနိမ့်ခဲ့ဖူးတဲ့ မှတ်တမ်းကောင်းပါပဲ။ ဒါပေမယ့် လတ်တလောအနေအထားတွေအရတော့ သူရဲ့နူးကမ့်မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခြင်းမရှိပဲ ရှံးပွဲဆက်နေခဲ့မယ်ဆိုရင်တော့ ဇီဒန်းရဲ့အနာဂတ်က ပိုဝေဝါးသွားနိုင်ပြီး သူရဲ့နေရာကိုလည်း လူငယ်အသင်းမှာ နည်းပြနေတဲ့ သူရဲ့အသင်းဖော်ဟောင်း ရာအူး ဒါမှမဟုတ် အသင်းလက်မဲ့ဖြစ်နေတဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုတို့က ဝင်ရောက်လာဖွယ် ရှိနိုင်ပါတယ်။

Photo Credit : AS English

ကိုဗစ်ကြောင့် အသင်းစီးပွားရေးတွေ ကျဆင်းနေရတဲ့အပြင် အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ ဘာနေဗျူးကွင်းကြီးကိုပါ ပြင်ဆင်နေရတဲ့အတွက် အသင်းရဲ့အသုံးစရိတ်တွေကို ချွေတာနိုင်ဖို့ ဒီရာသီမှာ ကစားသမားသစ်တွေ တစ်ယောက်မှကို ခေါ်ယူထားခြင်းမရှိပဲ ကစားသမားတွေကိုသာ အသင်းကနေ ရောင်းချခြင်းတွေ အငှားချခြင်းတွေကိုသာ လုပ်ဆောင်ထားခဲ့ပါတယ်။ ဒီပွဲက ဇီဒန်းအတွက် ဖိအားဝင်နေမယ့် ပွဲတစ်ပွဲလို့ ဆိုနိုင်ပေမယ့် ဒီလိုအခက်အခဲတွေကို သူဘယ်လိုကျော်ဖြတ်ပြနိုင်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေသလို သူ့လိုပဲ ကစားသမားဟောင်းတစ်ယောက်ကနေ နည်းပြဖြစ်လာခဲ့တဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ရမယ့်ပွဲမှာလည်း ဘယ်သူက အသာရသွားမလဲဆိုတာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရီးရဲလ်အတွက် ကံကောင်းတာကတော့ အဓိက ကစားသမားဖြစ်တဲ့ အသင်းခေါင်းဆောင်ရာမို့စ်က အသင်းရဲ့လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့တာဖြစ်ပြီး ရာမို့စ်ပါလာခဲ့ရင် ရီးရဲလ်နောက်တန်းက ရှက်တာနဲ့ပွဲတုန်းကလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်နိုင်ဖွယ် မရှိလောက်တော့ပါဘူး။ ဘာစီလိုနာဘက်မှာကလည်း လစာပိုင်းကိစ္စတွေနဲ့ပတ်သက်ပြီး ကစားသမားတချို့နဲ့ အသင်းတာဝန်ရှိသူတွေကြားမှာ အဆင်မပြေမှုတွေ ရှိနေတာမို့ နှစ်သင်းလုံးကတော့ အခက်အခဲတွေကြားကနေ ဂန္တဝင်ဒါဘီပွဲမှာ ရလဒ်ကောင်းလာဖို့ အသေအချာ ပြင်ဆင်လာကြမှာ သေချာပါတယ်ခင်ဗျာ။