ဘရာဇီးလ် လက်ရွေးစင် ဘောလုံးအသင်းဟာ လစ်လပ်သွားတဲ့ အသင်းနည်းပြနေရာမှာ နည်းပြတစ်ဦးဦးနဲ့ ပြန်လည် အစားထိုးဖို့အတွက် ပြည်တွင်းက နည်းပြတွေထက် ပြည်ပနည်းပြတစ်ဦးကိုသာ ပိုမို အလိုရှိနေပြီး လတ်တလောမှာ ဂျိုဆေးမော်ရင်ဟိုနဲ့ သတင်းထွက်နေသလို အခုလည်း အသင်းလက်မဲ့ ဖြစ်နေသူ ရီးယဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းနဲ့ပါ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Daily Mail

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ ခရိုအေးရှားကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရချိန်မှာပဲ နည်းပြကြီးတီထီက လက်ရွေးစင်နည်းပြရာထူးကနေ နုတ်ထွက်သွားတာကြောင့် သူ့နေရာမှာ နည်းပြတစ်ဦး ပြန်လည် အစားထိုးသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ သတင်းဖော်ပြချက်တွေအရ ဘရာဇီးလ်အသင်းဟာ ကနဦးပိုင်းမှာ လက်ရှိ ရီးယဲလ်နည်းပြကြီး ကားလို့အန်စလော့တီကို ချိတ်ဆက်ခဲ့ပေမယ့် အန်စလော့တီက ရီးယဲလ်မှာပဲ စာချုပ်သက်တမ်းအတိုင်း ၂၀၂၄ခုနှစ်အထိ ဆက်ရှိနေမှာဆိုပြီး တုံ့ပြန်ခဲ့တာကြောင့် မော်ရင်ဟိုကို ပြောင်းလဲ ချဉ်းကပ်လာခဲ့သလို အခုလည်း ဇီဒန်းကိုပါ lists ထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Photo Credit : SPORTbible

ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဟာ ရိုးမားနည်းပြ မော်ရင်ဟိုကို အသင်းနည်းပြအဖြစ် ခန့်အပ်ချင်နေပေမယ့် မော်ရင်ဟိုက လက်ရှိမှာ ရိုးမားကို ကိုင်တွယ်နေရတဲ့အပြင် ဘရာဇီးလ်လို နည်းပြသစ်ရှာနေတဲ့ ပေါ်တူဂီအသင်းကိုပါ တာဝန်ယူသွားချင်နေတာကြောင့် ဇီဒန်းကိုပါ ပစ်မှတ်ထားလာခဲ့ရတာ ဖြစ်ပါတယ်။ ရီးယဲလ်အသင်းကို (၃)နှစ်ဆက်တိုက် ချန်ပီယံလိဂ် ချန်ပီယံဖြစ်အောင် ထူးထူးခြားခြား စွမ်းဆောင်ပေးနိုင်ခဲ့သူ ဇီဒန်းဟာ ၂၀၂၁ခုနှစ် မေလက ရီးယဲလ်ကနေ ဒုတိယအကြိမ်မြောက် ထွက်ခွာပြီးနောက်ပိုင်း ဘယ်အသင်းကိုမှ ထပ်မံ ကိုင်တွယ်ခြင်း မရှိတော့တာ ဒီနေ့အချိန်ထိပါပဲ။ လက်ရှိမှာတော့ ဇီဒန်းက နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်ပြီး ဘောလုံးနယ်ပယ်ထဲ ပြန်ခြေချဖို့ ဆန္ဒပြင်းပြနေပြီး သူ တာဝန်ယူ ကိုင်တွယ်ချင်နေတဲ့ ပြင်သစ်နည်းပြရာထူးကိုသာ မရရှိခဲ့ရင်လည်း အခြားသော အသင်းတစ်သင်းသင်းကို ကိုင်တွယ်သွားဖွယ် ရှိနေပါတယ်။ ဒါကြောင့် လက်ရှိမှာ တာဝန်ယူ ကိုင်တွယ်နေတဲ့ အသင်းလည်းမရှိ နည်းပြအလုပ်ကို ပြန်လုပ်ကိုင်ဖို့ တာစူနေတဲ့ ဇီဒန်းကို ဘရာဇီးလ်ဘက်က ပစ်မှတ်ထားလာခဲ့ရပြီး ကမ်းလှမ်းမှုတွေလည်း ပြုလုပ်လာဖွယ် ရှိနေပါတယ်။