ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ ယူကရိန်း လက်ရွေးစင် အသင်းတို့ရဲ့ နောက်ခံအစွန်လူ ဇင်ချန်ကိုကတော့ သူတို့ဟာ ယှဉ်ပြိုင် ကစားရတော့မယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံးအဆင့်မှာ ပြိုင်ဘက် စကော့တလန်ကို အနိုင်ရအောင် ကြိုးစား ကစားပြီး စစ်ဘေးသင့် ယူကရိန်းပြည်သူတွေ အတွက် ကမ္ဘာ့ဖလားဝင်ခွင့် ရအောင် ကြိုးပမ်းသွားမယ်လို့ ကတိပေးသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ယူကရိန်းလက်ရွေးစင် နောက်ခံလူ ဇင်ချန်ကိုဟာ ဘယ်နောက်ခံနဲ့ ညာနောက်ခံ နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသလို လိုအပ်ရင် လိုအပ်သလို ကွင်းလယ်လူ တဦး အဖြစ်ပါ ကစားနိုင်စွမ်း ရှိတဲ့ စွယ်စုံရ ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ဇင်ချန်ကိုရဲ့ အမိမြေ ယူကရိန်းနိုင်ငံကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှ စတင်ကာ အိမ်နီးချင်း ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ်ကို ခံနေရပြီး ဇင်ချန်ကို အပါအဝင် ယူကရိန်းပြည်သူတွေက သူတို့ရဲ့ အမိမြေကို ရုရှားတို့ရဲ့ လက်အောက် မကျရောက်သွားအောင် အစွမ်းကုန် တတ်စွမ်းသရွေ့ ကြိုးစားနေကြပါတယ်။

လက်ရှိအချိန်မှာတော့ ယူကရိန်းက ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်ရဲ့ လက်ကျန် တနေရာစာ အတွက် စကော့တလန်နဲ့ ရင်ဆိုင် ယှဉ်ပြိုင် ရဖို့ ရှိနေပြီး ယူကရိန်းနဲ့ စကော့တလန်တို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ယနေ့ည ၁နာရီ ၁၅မိနစ် အချိန်မှာပဲ ယှဉ်ပြိုင် ကစားကြမှာပါ။

Photo Credit: Goal

စကော့တလန်နဲ့ ကစားရမယ့် ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဇင်ချန်ကိုက သူတို့ ယူကရိန်း လက်ရွေးစင် ကစားသမားတွေ အားလုံးဟာ ယူကရိန်းပြည်သူတွေ အတွက် ဒီပွဲကို အနိုင် ကစားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်က ယူကရိန်းပြည်သူတွေ အတွက် အားဆေး တခွက် ဖြစ်လာလိမ့်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဇင်ချန်ကိုက – “ကျွန်တော်က စကားလုံးတွေကို လှလှပပ မပြောတတ်ပေမယ့် ယူကရိန်းအရေးနဲ့ ပတ်သတ်ပြီး ရပ်ကြည့်နေကြတဲ့ နိုင်ငံတွေကိုတော့ တခုလောက် ပြောချင်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ ယူကရိန်းက ကျူးကျော်စစ်နဲ့ ရင်ဆိုင်နေရသလို မနက်ဖြန်မှာ ခင်ဗျားတို့ရဲ့ နိုင်ငံတွေ အလှည့်ကို ရောက်လာနိုင်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့တွေ အားလုံးက တစုတစည်းနဲ့ ဒီလိုမျိုး လုပ်ရပ်တွေကို မဖြစ်မနေ ကာကွယ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ ယူကရိန်း တနိုင်ငံလုံးမှာ ရှိနေတဲ့ ပြည်သူတွေ အားလုံးဟာ ကျွန်တော်တို့ကို အားပေးနေမယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ အပေါ် ထားတဲ့ ပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း ခံစားမိနေပါတယ်။ ကျွန်တော်တို့တွေ စကားလုံးတွေ အများကြီး ပြောလို့ ရပေမယ့် ကျွန်တော်တို့ကလည်း ပြည်သူတွေနဲ့ အတူ ရှိနေကြောင်းကို ကွင်းထဲမှာ ကြိုးစား ကစားရင်းနဲ့ သက်သေပြသွားပါမယ်။ ကျွန်တော်တို့တွေက ပြည်သူတွေ အားလုံး ပျော်ရွှင်ရအောင် ၊ ဂုဏ်ယူရအောင် အစွမ်းကုန် ကြိုးစားသွားပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။