ယမန်နေ့မှာပဲ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးကနေ နောက်ထပ် အသင်းကြီး တသင်း ဖြစ်တဲ့ အာဆင်နယ်ဆီ တရားဝင် ပြောင်းရွှေ့လာခဲ့တဲ့ ယူကရိန်း ကြယ်ပွင့် ကစားသမား ဇင်ချန်ကိုကတော့ သူဟာ အာဆင်နယ်ကို ငယ်စဉ်ကတည်းက အားပေးခဲ့သူ ဖြစ်ကြောင်းနဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့နိုင်ခဲ့တာဟာ သူ့အတွက် ငယ်ဘဝအိမ်မက် တခု အသက်ဝင်လာတာပဲ လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ယူကရိန်း လက်ရွေးစင် ကစားသမား ဇင်ချန်ကိုဟာ ၂၀၁၆ခုနှစ်မှာ မန်ချက်စတာ စီးတီးထံ စတင် ရောက်ရှိလာသူ ဖြစ်ပြီး အသင်းအတွက် ၆နှစ်တာ ကာလအတွင်းမှာ အရေးပါတဲ့ ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Arsenal

အထူးသဖြင့် ဇင်ချန်ကိုက ဗဟိုကွင်းလယ် ၊ ဘယ်နောက်ခံ ၊ ညာနောက်ခံနဲ့ တောင်ပံတိုက်စစ် နေရာတွေမှာပါ လိုအပ်ရင် လိုအပ်သလို ကစားနိုင်စွမ်း ရှိတဲ့ စွယ်စုံရ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ နေရာစုံမှာ ကစားနိုင်တဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ မန်ချက်စတာ စီးတီးမှာ ဇင်ချန်ကိုနဲ့ လက်တွဲခဲ့ဖူးတဲ့ အာဆင်နယ်နည်းပြ အာတီတာက ဇင်ချန်ကိုကို သူတို့အသင်းထံ ယုံယုံကြည်ကြည်နဲ့ ခေါ်ယူခဲ့တာပါ။

အာဆင်နယ်က ဇင်ချန်ကို အတွက် မန်ချက်စတာ စီးတီးကို စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း အထိ ပေးချေခဲ့ရပြီး ဇင်ချန်ကိုကိုတော့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ကာ ဇင်ချန်ကိုကလည်း သူဟာ အာဆင်နယ်ကို ငယ်စဉ်ကတည်းက အားပေးခဲ့သူ ဖြစ်တာကြောင့် အာဆင်နယ်ဆီ ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးကို ရခဲ့ချိန်မှာ မငြင်းဆန်နိုင်ခဲ့ကြောင်း အာဆင်နယ် ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Arsenal

ဇင်ချန်ကိုက – “ကျွန်တော့်အတွက် အာဆင်နယ်ဆီ ပြောင်းရွှေ့ခွင့် ရခဲ့တာက ငယ်ဘဝ အိမ်မက်တခု အသက်ဝင်လာတာလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်ဟာ ကလေးဘဝ အရွယ်ထဲက အာဆင်နယ်ရဲ့ အမာခံပရိသတ် တဦး ဖြစ်ခဲ့လို့ပါ။ ကျွန်တော်က သီယာရီ အွန်နရီနဲ့ ဖာဘရီဂတ်စ် ပေါက်စတို့ အတူတူ တွဲကစားခဲ့တဲ့ အချိန်ထဲက အာဆင်နယ်ရဲ့ ပွဲတွေကို စောင့်ကြည့်ခဲ့ပြီး အာဆင်နယ်ရဲ့ ပရိသတ် တဦး ဖြစ်နေခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။