ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ ယူကရိန်း နောက်ခံလူ ဇင်ချန်ကိုကတော့ ဥရောပရဲ့ စစ်ရေး အင်အားကြီးနိုင်ငံ ဖြစ်တဲ့ ရုရှားက သူ့ရဲ့ မွေးရပ်မြေ ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲနေတာနဲ့ ပတ်သတ်ပြီး တတ်စွမ်းသမျှ တားဆီးသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဏာရှင်နိုင်ငံ တနိုင်ငံ ဖြစ်တဲ့ ရုရှားဟာ ယူကရိန်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး ပဋိပက္ခ တခုကို အကြောင်းပြပြီး သူတို့ရဲ့ နယ်မြေတွေကို ပြန်ယူမယ် ဆိုတဲ့ ခေါင်းစဉ်တပ်ကာ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲဖို့ ပြင်ဆင်နေကာ ယမန်နေ့မှာပဲ ရုရှားသမ္မတ ပူတင်က ရုရှားစစ်သား ၁သောင်းကျော်ကို ယူကရိန်းနိုင်ငံထဲ စေလွှတ်လိုက်ပါတယ်။’

Photo Credit: Metro

လက်ရှိမှာတော့ ယူကရိန်း နိုင်ငံသူ ၊ နိုင်ငံသားတွေဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နိုင်ဖို့ အစွမ်းကုန် ပြင်ဆင်နေကြပြီး အမေရိကန်နိုင်ငံ ၊ ဗြိတိန်နိုင်ငံ ၊ နော်ဝေနိုင်ငံ အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံ အတော်များများကလည်း ယူကရိန်းဘက်ကနေ ဝင်ရောက် တိုက်ခိုက်ပေးဖို့ ပြင်ဆင်နေကြပါတယ်။

ယူကရိန်းလက်ရွေးစင် နောက်ခံလူ တဦး ဖြစ်သလို အသင်းခေါင်းဆောင် အဖြစ်လည်း ပါဝင် ကစားပေးခဲ့ဖူးတဲ့ ဇင်ချန်ကို ကတော့ သူဟာ ယူကရိန်းနိုင်ငံသား တဦး ဖြစ်တာကြောင့် ရုရှားရဲ့ ကျူးကျော်စစ်ကို လက်မခံကြောင်းနဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကို တတ်စွမ်းသရွေ့ တွန်းလှန်သွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Metro

ဇင်ချန်ကိုက – “ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတိုင်းက ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် ဝိုင်းဝန်း စိတ်ပူနေကြပါတယ်။ ကျွန်တော်ကတော့ ယူကရိန်းနိုင်ငံ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရချိန်မှာ နောက်ဆုတ်ပြီး မနေနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ စိတ်ဓာတ်နဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ ဒီဓာတ်ပုံထဲက နိုင်ငံဟာ ကျွန်တော့်ရဲ့ နိုင်ငံပါ။ ကျွန်တော့်ရဲ့ မွေးရပ်မြေ ၊ ကျွန်တော် ကြီးပြင်းခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ အလံကိုပဲ အားကစားကွင်းတွေထဲမှာ ကျွန်တော် ကာကွယ်ခဲ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေက ဒီနိုင်ငံလေး ဖွံ့ဖြိုး တိုးတက်လာအောင် အစွမ်းရှိသလောက် ကြိုးစားနေတာပါ။ ကျွန်တော်တို့ရဲ့ နိုင်ငံက ယူကရိန်း နိုင်ငံသားတွေနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒီနိုင်ငံကို ဘယ်သူမှ မပိုင်ပါဘူး။ ကျွန်တော်တို့ ရုရှားကို အရှုံးမပေးပါဘူး။ အောင်ပွဲက ယူကရိန်းအတွက်ပဲ ဖြစ်ရမယ်” လို့ ပြောကြားသွားခဲ့တာပါ။