MySport Myanmar

ဇီဒန်းက မန်ယူ နည်းပြရာထူးကို စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ ပြင်သစ်ဂျာနယ်လစ် ဆို

လက်ရှိမှာ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ ရီးယဲလ် မက်ဒရစ် နည်းပြဟောင်း ဇီနဒင်း ဇီဒန်းကို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပူးတွဲ ပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်က ယူနိုက်တက် နည်းပြသစ်အဖြစ် ခန့်အပ်သွားချင်နေတယ်ဆိုတဲ့ သတင်းတွေက ဒီရက်ပိုင်းမှာပဲ အတော်လေး ထွက်ပေါ်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ လက်ရှိနည်းပြ အဲရစ် တန်ဟက်ဂ်ကလည်း ဒီရာသီမှာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် လုပ်ဆောင်ပေးဖို့က သိပ်မလွယ်ကူတော့တဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်ပြီး ဒီရာသီအကုန်မှာပဲ ယူနိုက်တက် နည်းပြရာထူးကိုပါ လက်လွတ်ရဖို့လည်း ရှိနေရပါတယ်။

Photo Credit : Football365

ဆာဂျင်တို့ရဲ့ INEOS အဖွဲ့က ယူနိုက်တက်မှာ ဘောလုံးပိုင်းဆိုင်ရာကို တာဝန်ယူ ဆောင်ရွက်နေပြီ ဖြစ်တာကြောင့် အခု ဘောလုံးရာသီ ကုန်ဆုံးတာနဲ့ အသင်းအတွင်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေကို လုပ်ဆောင်သွားဖို့ ရှိနေရာ နည်းပြ တန်ဟက်ဂ်ရဲ့ အနာဂတ်ဟာလည်း မရေမရာ ဖြစ်လာခဲ့ရပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်တို့ဘက်ကတော့ တန်ဟက်ဂ်နဲ့ လက်တွဲဖြုတ်ဖြစ်ခဲ့မယ်ဆိုရင် ရီးယဲလ်အသင်းနဲ့ အတော်လေး အောင်မြင်ခဲ့တဲ့ နည်းပြ ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်သွားချင်နေပြီး ဇီဒန်းကလည်း ၂၀၂၁ခုနှစ်ကတည်းကနေ အခုထိ အသင်းလက်မဲ့ ဖြစ်နေတာမို့ အသင်းတစ်သင်းသင်းကို ကိုင်တွယ်နေတဲ့ နည်းပြတွေထက် ကမ်းလှမ်းရာ ပိုလွယ်ကူနိုင်ပါတယ်။

Photo Credit : Stretty News

ဒါပေမယ့်လည်း နာမည်ကြီး ပြင်သစ် ဘောလုံးဂျာနယ်လစ်ဖြစ်သူ ဂျူလီယန် လော်ရန့်စ်ကတော့ ဇီဒန်းက ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇီဒန်းရဲ့ အင်္ဂလိပ်ဘာသာစကား အခက်အခဲကြောင့်ဖြစ်ပြီး အင်္ဂလိပ်လို ပြောတက်ဆိုတက်အောင် သင်ယူလိုခြင်း မရှိတာကလည်း ပရီးမီးယားလိဂ် ကလပ်အသင်းတွေကို ကိုင်တွယ်ဖို့အတွက် အမြဲ အတားအဆီး ဖြစ်နေရတယ်လို့ သိရပါတယ်။

နောက်ပြီး ဇီဒန်းက အင်္ဂလန်နိုင်ငံမှာ နေထိုင်ရတာကို ကြိုက်နှစ်သက်ခြင်း မရှိတာကြောင့် ကစားသမားဘဝတုန်းကပါ ပရီးမီးယားလိဂ်ဆီ မလာခဲ့တာမို့ နည်းပြဘဝမှာလည်း ရောက်လာစရာ မရှိနိုင်ဘူးလို့ လော်ရန့်စ်က သုံးသပ်သွားခဲ့ပါတယ်။

Exit mobile version