စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ နည်းပြတဦး ဖြစ်နေတဲ့ ဇနက်ဒင်း ဇီဒန်းကတော့ သူဟာ အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်တာကြောင့် မပြောင်းရွှေ့ခဲ့တာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပြင်သစ်လူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ ဇနက်ဒင်း ဇီဒန်းက ကမ္ဘာ့သမိုင်းတလျှောက် အကောင်းဆုံး ကွင်းလယ်လူ တဦး အဖြစ် သတ်မှတ်ခံရတဲ့ အထိ ကစားသမားဘဝမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို နည်းပြလောကထဲကို ဝင်ရောက်ခဲ့ချိန်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကို ၃နှစ်ဆက် အရယူကာ သမိုင်းတလျှောက် ဘယ်အသင်းမှ မစွမ်းဆောင်နိုင်ခဲ့တဲ့ ထူးရှယ် စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့သူပါ။

Photo Credit: Team Talk

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်သီးအသင်း အများစုက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်ခဲ့ကြပြီး ဇီဒန်းကတော့ သူ့ဆီ ရောက်လာတဲ့ ကမ်းလှမ်းမှုတိုင်းကို ငြင်းဆန်ကာ လက်ရှိအချိန်အထိ အနားယူနေဆဲပဲ ဖြစ်ပါတယ်။

ဇီဒန်းက ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ ပြင်သစ်အသင်းကိုပဲ တာဝန်ယူ ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားတာကြောင့် မန်ချက်စတာ ယူနိုက်တက် အပါအဝင် အသင်းအများစုရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့တာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာတော့ ဇီဒန်းက သူဟာ ဘာသာစကား အခက်အခဲတွေကြောင့် မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းရွှေ့ခဲ့တာပါလို့ ပြောကြားရင်း သူ ဘာကြောင့် ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့ရသလဲ ဆိုတာ ရှင်းပြသွားခဲ့ပါတယ်။

Photo Credit: Team Talk

ဇီဒန်းက – “ကျွန်တော် ဘာကြောင့် တခြားအသင်းတွေကို မကိုင်တွယ်တာလဲလို့ မေးရင် ဘာသာစကား အခက်အခဲကြောင့်လို့ပဲ ပြောရပါမယ်။ ဘာသာစကား အခက်အခဲက အတော်လေးကို ကြီးမားတဲ့ ပြဿနာပါ။ အရင်တုန်းက ဂျာနယ်လစ် တယောက် ကျွန်တော့်ဆီ လာပြီး “မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းမှာလား” လို့ လာမေးခဲ့ပါတယ်။ သူ မေးတဲ့ မေးခွန်းကို ကျွန်တော့်ဘက်က နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ပါဘူး။ တချို့နည်းပြတွေက ဘာသာစကား အခက်အခဲကို ထည့်တွက်လေ့ မရှိတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကစားသမားတွေနဲ့ သေချာ ဆက်သွယ်နိုင်ဖို့ ဘာသာစကား အခက်အခဲ မရှိဖို့ လိုအပ်တယ်လို့ ယူဆထားပါတယ်။ ဒါကြောင့် အင်္ဂလန်မြေဆီ မပြောင်းဖြစ်ခဲ့တာပါ” လို့ ပြောပြလာခဲ့တာပါ။