စပိန်လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းကတော့ သူတို့အသင်းရဲ့ မဟာပြိုင်ဘက် ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီကို ဘာစီလိုနာအသင်းမှာပဲ ဆက်လက် မြင်တွေ့လိုကြောင်း အယ်ကလပ်စီကိုပွဲစဉ် အတွက် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ် ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ တစ်ခုလုံးကို ဘာစီလိုနာအသင်းမှာသာ မြှုပ်နှံခဲ့သူ ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မက်ဆီရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပါတယ်။

Photo Credit: Metro

မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာအသင်း ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမယ့် ကစားသမား ဖြစ်ပြီး ဘာစီလိုနာအသင်း ကတော့ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် အစွမ်းကုန် ကြိုးစားနေပါတယ်။ လတ်တလောမှာတော့ မက်ဆီကို ခေါ်ယူဖို့ ပြင်သစ်အခြေစိုက် ထိပ်သီးအသင်း တစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းက ကြိုးစားနေပြီး လာလီဂါပြိုင်ပွဲရဲ့ ထိပ်တန်း နည်းပြတစ်ဦး ဖြစ်တဲ့ ဇီဒန်းကတော့ လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်တဲ့ မက်ဆီကို ဘာစီလိုနာအသင်းမှာပဲ ဆက်လက် ရှိစေချင်နေပါတယ်။

Photo Credit: Metro

မက်ဆီကို ဘာစီလိုနာမှာ ဆက်လက် ရှိစေချင်နေကြောင်းကို ဇီဒန်းက – “မက်ဆီက ဘာစီလိုနာအသင်းမှာ ဆက်ပြီး ရှိနေလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ သူက ဘာစီလိုနာအသင်းမှာ အဆင်ပြေနေသလို သူ ရှိနေတာက စပိန်လာလီဂါ အတွက် ကောင်းမွန်တဲ့ အရာတစ်ခုပါ” လို့ ဖွင့်ဟ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ယနေ့ည ၁နာရီခွဲ အချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ယာယီအိမ်ကွင်း ဖြစ်တဲ့ ဒီစတီဖာနိုကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အနိုင်ရရှိမယ့် အသင်းဟာ လာလီဂါချန်ပီယံဆုကို ရရှိဖို့ ပိုမို အခြေအနေ ကောင်းမှာ ဖြစ်တာကြောင့် ယနေ့ညမှာ ကစားမယ့် အယ်ကလပ်စီကိုပွဲစဉ်ဟာ စောင့်ကြည့်ရမယ့် ပွဲကောင်းတစ်ပွဲပါပဲ။