မနေ့ညက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဆီဗီလာအသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ တစ်ဖက်ကို သွင်းဂိုး(၂)ဂိုးစီနဲ့ သရေပွဲအဖြစ်သာ ပြီးဆုံးသွားခဲ့ရလို့ ရီးယဲလ်အသင်းအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးဆီ တတ်လှမ်းနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို လက်လွတ်ခဲ့ရပါတယ်။ ဒီပွဲမှာ တစ်ဖက်ကို (၁)ဂိုးသီနဲ့ သရေကျနေတုန်း ကွင်းလယ်ဒိုင်က ဧည့်သည်ဆီဗီလာဘက်ကို ပင်နယ်တီကန်ခွင့် သတ်မှတ်ပေးခဲ့ပြီး ဆီဗီလာကလည်း ပွဲကိုပြန်ဦးဆောင်ခဲ့ရကာ ဒီဦးဆောင်မှုကို ပွဲပြီးဆုံးဖို့ မိနစ်ပိုင်းလေးအလိုမှာပဲ ရီးယဲလ်ဘက်က ပြန်ချေပခဲ့ရပါတယ်။

Photo Credit : Goal

တကယ်တော့ ရီးယဲလ်တိုက်စစ်မှူး ကာရန်ဘန်ဇီမာကို ဆီဗီလာဂိုးသမား ဘူနူက ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ပင်နယ်တီသတ်မှတ်ပေးဖို့အတွက် ကွင်းလယ်ဒိုင်ကနေ VAR ကနေ စစ်ဆေးရင်းနဲ့ ရီးယဲလ်ရဲ့ ပင်နယ်တီဧရိယာအတွင်း Handball ဖြစ်နေတာကိုပါ စစ်ဆေးမိသွားပြီး နောက်ဆုံးမှာတော့ ရီးယဲလ်အသင်းဘက်ကိုထက် ဆီဗီလာဘက်ကိုသာ ပင်နယ်တီကန်ခွင့် ပေးလိုက်ပါတယ်။ ဒီပင်နယ်တီကိုလည်း ကွင်းလယ်လူ ရာကီတစ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး ဒီဦးဆောင်မှုကို ရီးယဲလ်ဘက်က နာကျင်အချိန်ပိုရောက်မှသာ ပြန်လည်ချေပနိုင်ခဲ့တာကြောင့် အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ရမယ့်အရေးကနေ ကပ်သီးလေး လွတ်မြောက်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Goal

ဒီလို ပင်နယ်တီသတ်မှတ်ခံရတာနဲ့ပတ်သက်ပြီး ရီးယဲလ်နည်းပြ ဇီဒန်းက “သူတို့ပြောဆိုနေတာတွေကို ကျွန်တော်မယုံကြည်ပါဘူး။ ကျွန်တော်အရမ်းကို ဒေါသထွက်မိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေအချာ ရှင်းလင်းပေးဖို့ ကွင်းလယ်ဒိုင်ကို ကျွန်တော်ပြောဆိုခဲ့ပါတယ်။ ဒါက အတော်လေးကို ရှုပ်ထွေးစေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသင်းက ဒီထက်မကတဲ့ ရလဒ်မျိုးနဲ့ ပိုပြီးထိုက်တန်မှု ရှိနေလို့ပဲ။ ဒါပေမယ့်လည်း ဒီကိစ္စကတော့ ရုပ်ဆိုးအကျည်းတန်ပါတယ်။ ဒိုင်ရဲ့ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်နားမလည်နိုင်ဘူး။ မီလီတာအိုက လက်ထိဘော ဖြစ်နေခဲ့မယ်ဆိုရင် ဆီဗီလာဘက်ကလည်း ပွဲအစောပိုင်းမှာ လက်ထိဘော ဖြစ်ခဲ့တာပဲလေ။ ဒီထက်ပိုပြီးတော့လည်း ကျွန်တော့်ကို မေးခွန်းမထုတ်ကြပါနဲ့။ ကျွန်တော်ဘယ်လို ထင်မြင်ခဲ့လဲဆိုတာ ခင်ဗျားတို့အားလုံးကို ပြောပြခဲ့ပြီးပြီ။ သူတို့ဘက်ကနေ လက်ထိဘော ဥပဒေကို ကျွန်တော်နားလည်အောင် အသေအချာ ရှင်းပြဖို့လိုတယ်။ ဒါပါပဲ” လို့ စိတ်ပျက်စွာနဲ့ ပြောဆိုသွားခဲ့ပါတယ်။