အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိအသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းနဲ့ အေဂျက်နည်းပြ တန်ဟက်တို့ကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ အရှိန်မြှင့် ကြိုးပမ်းလာကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ပွဲမှာ နိုင်ပွဲ၁ပွဲသာ ရရှိခဲ့သလို လက်စတာကို ၄-၂ ၊ လီဗာပူးကို ၀-၅ ၊ မန်စီးတီးကို ၀-၂ ၊ ဝက်ဖို့ဒ်ကို ၄-၁ ဆိုတဲ့ ရလဒ်တွေနဲ့ အရှက်ရဖွယ် အရေးနိမ့်ခဲ့တာကြောင့် ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး ဆိုးလ်ရှားဟာ လျော်ကြေးအဖြစ် ပေါင် ၇.၅သန်း ရရှိမှာလည်း ဖြစ်ပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို နည်းပြရာထူးကနေ ထုတ်ပယ်ပြီးနောက် အသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်တဲ့ မိုက်ကယ် ကာရစ်နဲ့ ဒါရင်း ဖလက်ချာတို့ကို အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ဦးဆောင်ခိုင်းထားပြီး အကယ်၍ ဗီလာရီးရဲလ်နဲ့ ပွဲစဉ်မတိုင်မီ နည်းပြသစ် ခန့်အပ်နိုင်ခဲ့ခြင်း မရှိပါက သူတို့နှစ်ဦးကိုပဲ တာဝန်ပေးအပ်မယ်လို့ မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစု ကတော့ အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်မယ့် ထိပ်တန်း နည်းပြတဦးကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ထားပြီး ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကို နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ကာ ခေါ်ယူရန် ကြိုးစားဖို့ အသင်းရဲ့ တာဝန်ရှိသူတွေကို ပြောကြားထားပါတယ်။

Photo Credit: Metro

ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဇီဒန်းဟာ မကြာသေးမီကပဲ အင်္ဂလိပ်စာ စတင် သင်ကြားနေကြောင်း သတင်းတွေ ထွက်ပေါ်ထားတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိပေမယ့် ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ခိုင်မာတဲ့ စီမံကိန်းတွေကို ချပြနိုင်ဖို့ လိုအပ်ကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times Sport သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆက်သွယ်ထားသလို တဖက်မှာလည်း အေဂျက်အသင်းရဲ့ နည်းပြ တန်ဟက်ကို ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး အကယ်၍ ဇီဒန်းကသာ သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ရင် တန်ဟက်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။