စပိန် လာလီဂါ အင်အားကြီးအသင်း တစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းထံ ပြောင်း​ရွှေ့လာဖို့ စိတ်ဝင်စားနေပါတယ် လို့ ဝန်ခံထားတဲ့ မန်ယူအသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ အစီအစဉ် မရှိဘူးလို့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ သွားကြပါတယ်။ အသက် ၂၇နှစ် အရွယ် ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့သူ ဖြစ်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာတော့ ပေါ့ဘာက သူဟာ မန်ယူအသင်းမှာ ပျော်ရွှင်နေပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားရဖို့ဟာ သူ့ရဲ့ အိမ်မက်တစ်ခု ဖြစ်ကြောင်း ဝန်ခံသွားပါတယ်။

Photo Credit: Setty News

ဒါ့ကြောင့်ပဲ ပေါ့ဘာဟာ လာမယ့် နွေရာသီ အပြောင်းအ​ရွှေ့မှာ မန်ယူအသင်းကို စွန့်ခွာကာ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့တော့မယ် လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ယနေ့ နေ့လယ်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမယ့် နွေရာသီ စျေးကွက်မှာ ပေါ့ဘာကို အသင်းထံ ခေါ်ယူဖို့ ဆန္ဒမရှိပဲ ပြင်သစ် လူငယ် ကစားသမားတွေ ဖြစ်တဲ့ အမ်ဘာပေနဲ့ ကာမာဗင်ဂါတို့ကိုသာ ဝယ်ယူမှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းကိုယ်တိုင်က ပေါ့ဘာရဲ့ အပြောင်းအရွှေ့ အကြောင်းကို ဖွင့်ဟ ပြောပြလာပြီး သူဟာ ပေါ့ဘာကို နှစ်သက်ပေမယ့် ပေါ့ဘာဟာ မန်ယူအသင်းရဲ့ ကစားသမားသာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Photo Credit: Setty News

ပေါ့ဘာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဇီဒန်းက ” ကျွန်တော်က သူ့ကို သဘောကျပါတယ်။ ဒါပါပဲ။ ဒီထက် ဘာမှမပိုပါဘူး။ ကျန်တာက ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ တကယ်လို့ ခင်ဗျားက ကျွန်တော့်ကို ပေါ့ဘာအကြောင်း မေးရင် ပေါ့ဘာက အရမ်းကောင်းတဲ့ ကစားသမား လို့ ကျွန်တော် ဖြေမှာပါ။ ဒါပေမယ့် သူက မန်ယူအသင်းအတွက် ကစားပေးနေတဲ့ ကစားသမားပါ။ ရာသီကုန်သွားတဲ့ အချိန်မှာတော့ ဘယ်သူတွေ အသင်းကို ရောက်လာပြီး ဘယ်သူတွေ အသင်းကနေ ထွက်သွားမလဲ ဆိုတာ ခင်ဗျားတို့ သိကြရမှာပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ ပေါ့ဘာကို ခေါ်ယူမယ် လို့ ကျွန်တော် မပြောခဲ့ပါဘူး။ အဲ့ဒီလို ကိစ္စတွေ မရှိပါဘူး ” ဆိုပြီး ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။