MySport Myanmar

ရီးရဲလ်က ဘိုင်ယန်ကို အနိုင်ယူပြီး ဗိုလ်လုပွဲဆီ တက်လိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ ဇီဒန်း

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ဂန္တဝင်ပုဂ္ဂိုလ် အဖြစ် တင်စားခံထားရတဲ့ ဇနက်ဒင်း ဇီဒန်းက ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ဟာ ဘိုင်ယန်မြူးနစ်ကို ခက်ခက်ခဲခဲ ကစားပြီး အနိုင်ရသွားလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ဇီဒန်းရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်နဲ့ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်တို့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့လို အင်္ဂလန် အင်အားကြီးကလပ်တွေကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းလာတဲ့ အသင်းတွေ ဖြစ်ကြပြီး သူတို့နှစ်သင်းက ပထမအကျော့ အဖြစ် ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အလိုင်းယန့်ဇ် အရီနာမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ ၂-၂ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်ထားပါတယ်။

Photo Credit: Sporting News

ပထမအကျော့မှာ သရေရလဒ် ထွက်ပေါ်ထားတာကြောင့် ဒုတိယအကျော့ အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ကစားရမယ့် ပွဲစဉ်မှာ အနိုင်ရမယ့်အသင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်မှာ ဖြစ်ပြီး နှစ်သင်းစလုံးက ဒုတိယအကျော့မှာ အနိုင်ရဖို့ အားခဲ ကစားလာဖို့ ရှိနေပါတယ်။

လက်ရှိခြေစွမ်းပိုင်းအရ ရီးရဲလ်မက်ဒရစ်က ဘိုင်ယန်မြူးနစ်ထက် အသာစီး ရနေပေမယ့် ဘိုင်ယန်မြူးနစ်က ဖလားလက်မဲ့ရာသီ မကြုံရအောင် အဝေးကွင်းမှာ ဖောင်ဖျက် ကစားလာဖို့ ရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ အမှားကင်းကင်းနဲ့ ကစားနိုင်မှသာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်မှာပါ။

Photo Credit: Goal

ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၃နှစ်ဆက်တိုက် ရယူခဲ့ဖူးတဲ့ ဇီဒန်းကလည်း ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ပွဲစဉ်ဟာ နှစ်သင်းစလုံး အတွက် ခက်ခဲပြီး မှန်းဆရ ခက်မယ့် ပွဲစဉ်မျိုး ဖြစ်ကြောင်း သုံးသပ်ခဲ့ကာ သူကတော့ ရီးရဲလ်မက်ဒရစ် အနိုင်ရဖို့ပဲ မျှော်လင့်ထားကြောင်း ဆိုလာပါတယ်။

ဇီဒန်းက – “ရီးရဲလ်နဲ့ ဘိုင်ယန်မှာ ဘယ်သူနိုင်မလဲ ဆိုပြီး ကျွန်တော့်ကို လာမေးရင်တော့ ရီးရဲလ်မက်ဒရစ်လို့ပဲ ဖြေပါမယ်။ ကျွန်တော်က ရီးရဲလ်မက်ဒရစ် အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ဒီပွဲက ခက်ခဲပြီး ရှုပ်ထွေးမယ့် ပွဲစဉ်မျိုးပါ” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကို လာမယ့် ကြာသပတေးနေ့ မနက် ၁နာရီခွဲမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

Exit mobile version