ရီးယဲလ်မက်ဒရစ်အသင်းအတွက် သမိုင်းဝင် အောင်မြင်မှုတွေကို ရယူပေးထားနိုင်ခဲ့တဲ့ နာမည်ကျော် နည်းပြတစ်ဦးဖြစ်သူ ဇီဒန်းဟာ လတ်တလောမှာ ရလဒ်တွေ ဆက်တိုက်ကို ဆိုးရွှားလျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်ဖွယ်အရှိဆုံးအဖြစ် ရေပန်းစားလျက် ရှိနေပေမယ့်လည်း ဇီဒန်းကိုယ်တိုင်ကတော့ ယူနိုက်တက်နည်းပြရာထူးအပေါ် စိတ်ဝင်စားခြင်း ရှိမနေဘူးလို့ စပိန်သတင်းစာ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်အသင်းဟာ အခါးသီးဆုံးပြိုင်ဘက် လီဗာပူးလ်အသင်းကို (၅)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာ အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားနဲ့ လက်တွဲဖြုတ်ဖို့အထိပါ စဉ်းစားလာခဲ့သလို သူရဲ့နေရာမှာလည်း လက်ရှိ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ နာမည်ကျော် နည်းပြ(၂)ဦးဖြစ်တဲ့ အန်တိုနီယိုကွန်တီ ဇီဒန်းတို့နဲ့ ပြန်လည်အစားထိုးဖို့ထိပါ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာ ဆိုးလ်ရှားရဲ့နေရာကို ရော်နယ်လ်ဒိုရဲ့ ဆရာသမားဟောင်းဖြစ်သူ နည်းပြဇီဒန်းက ဝင်ရောက်လာနိုင်တယ်လို့ သတင်းမီဒီယာများစွာကနေ ဖော်ပြနေကြပေမယ့်လည်း ဇီဒန်းကိုယ်တိုင်ကတော့ ယူနိုက်တက်နည်းပြရာထူးကို တာဝန်ယူသွားဖို့ ဆန္ဒမရှိ ဖြစ်နေတယ်လို့ သိရပါတယ်။

Photo Credit : Marca

အသက်(၄၉)နှစ်အရွှယ်ရှိ ပြင်သစ်ဂန္တဝင် ဘောလုံးသမားဟောင်းကြီး ဇီဒန်းဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက် နှစ်အနည်းငယ်အကြာမှာပဲ နည်းပြလောကထဲကို ဝင်ရောက်လာခဲ့ပြီး ရီးယဲလ်နည်းပြအဖြစ် ဆောင်ရွှက်ရာမှာ အသင်းကို ချန်ပီယံလိဂ်ဖလား (၃)နှစ်ဆက်တိုက်အထိပါ ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဇီဒန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာပဲ ရီးယဲလ်အသင်းနဲ့ လက်တွဲဖြုတ်ထားခဲ့ပြီးနောက်ပိုင်းကတည်းက အသင်းလက်မဲ့ ဖြစ်လို့နေတာကြောင့် သူ့ကို လက်ရှိမှာ ပိုင်ရှင်သစ်လက်အောက် ရောက်ရှိနေတဲ့ နယူးကာဆယ်ယူနိုက်တက်နဲ့ ဆိုးလ်ရှားနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ ယူနိုက်တက်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဇီဒန်းကိုယ်တိုင်ကတော့ နည်းပြနယ်ပယ်ထဲ ပြန်လည်ဝင်ရောက်လာချိန်မှာ ပီအက်စ်ဂျီအသင်း ဒါမှမဟုတ် ပြင်သစ်လက်ရွေးစင်အသင်းတို့ကိုသာ တာဝန်ယူ ကိုင်တွယ်ချင်တာကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားနေခြင်းအပေါ် သူ့ဘက်ကနေ တုံ့ပြန်သွားဖို့ ဆန္ဒမရှိနေရတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ကလည်း ဇီဒန်းရဲ့ဒီလိုအခြေအနေတွေကြောင့် ချယ်လ်ဆီး အင်တာမီလန်နဲ့ ဂျုဗင်တပ်စ်အသင်းတွေရဲ့ နည်းပြဟောင်းဖြစ်သူ ကွန်တီကိုသာ ဆိုးလ်ရှားရဲ့နေရာမှာ အစားထိုးရဖွယ် ရှိနေပြီး ကွန်တီကိုုယ်တိုင်ကလည်း ယူနိုက်တက်နည်းပြရာထူးအပေါ် စိတ်ဝင်စားလျက် ရှိနေပါတယ်။