မနေ့ညက ကျင်းပခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရီးရဲလ်ဘက်တစ်အသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ ဘယ်အသင်းကမှ သွင်းဂိုးတွေ မရယူနိုင်ခဲ့ပဲ ဂိုးမရှိသရေနဲ့ ပွဲကအဆုံးသတ်သွားခဲ့ရပါတယ်။ ဒီပွဲကို သရေကျသွားခဲ့တာကြောင့် လာလီဂါချန်ပီယံဆုအတွက် အသက်လက်တီကိုမက်ဒရစ် ဘာစီလိုနာအသင်းတွေနဲ့အပြိုင် တိုက်ပွဲဝင်နေရတဲ့ ရီးရဲလ်အသင်းအတွက် နစ်နာစရာ ဖြစ်ခဲ့ရပေမယ့် ချန်ပီယံမျှော်လင့်ချက်ကတော့ သေဆုံးမသွားသေးဘူးလို့ ရီးရဲလ်နည်းပြ ဇီဒန်းက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Twitter

ဒီပွဲစဉ်မှာ အိမ်ရှင်ရီးရဲလ်အသင်းက ဘက်တစ်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှု (၁၇)ကြိမ်တောင် ပြုလုပ်နိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးတွေကိုတော့ ရယူနိုင်ခြင်းမရှိပဲ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ရီးရဲလ်အနေနဲ့ ဒီပွဲကို သရေကျလိုက်ရတဲ့အတွက် ဒီနေ့မှာသာ အသက်လက်တီကိုအသင်းက ဘီလ်ဘာအိုကို အနိုင်ရလိုက်မယ်ဆိုရင် အသင်း(၂)သင်းကြားမှာ (၅)မှတ်အထိ ကွာဟသွားတော့မှာဖြစ်လို့ ချန်ပီယံဆုကို ဆက်လက်ကာကွယ်ချင်နေတဲ့ ရီးရဲလ်အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာရဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ဒါပေမယ့် ရီးရဲလ်နည်းပြ ဇီဒန်းကတော့ ဒီပွဲမှာ သရေကျခဲ့ရပေမယ့် အသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်ကတော့ အဆုံးသတ်သွားခြင်း မရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ဇီဒန်းက “ချန်ပီယံမျှော်လင့်ချက်က အဆုံးသတ်သွားပြီလိုတော့ ကျွန်တော်မထင်မိပါဘူး။ ဒီနေ့မှာ ကျွန်တော်တို့အသင်းက ရမှတ်(၂)မှတ် ဆုံးရှုံးခဲ့ရတယ်ဆိုတာ မှန်ပေမယ့် ချန်ပီယံဆုအတွက်ကတော့ ဆုံးခန်းမတိုင်သေးဘူးလို့ပဲ ပြောရမှာပါ။ ကျွန်တော်တို့တွေ ဆက်ပြီးတိုက်ပွဲဝင်နေရဦးမှာပါ။ ဒီပွဲမှာလည်း ကျွန်တော်တို့တွေ ကြိုးစားအားထုတ်ခဲ့ကြတယ်။ တိုက်စစ်ဆင်ရမှာတော့ ကျွန်တော်တို့ဘက်က အားနာချက်တချို့ ရှိနေခဲ့ရတယ်။ ဒါပေမယ့် ချန်ပီယံဆုအတွက်ကတော့ အဆုံးမသတ်သေးပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား အီဒင်ဟာဇက် ပြန်လည်ကစားပေးနိုင်ခဲ့ပြီး မိနစ်အနည်းငယ်ခန့်သာ ပါဝင်ခဲ့ရပေမယ့်လည်း ပုံစံကောင်းပြသနိုင်ခဲ့သလို အသင်းဟောင်း ချယ်လ်ဆီးနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ကိုပါ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖွယ် ရှိနေပါတယ်။