MySport Myanmar

မက်ဒရစ်မြို့ဆီ တတိယအကြိမ်မြောက် ပြန်လာဖွယ် ရှိနေသည့် ဇီဒန်း

ဇီဒန်း ရီးယဲလ် မက်ဒရစ်အသင်းနဲ့ လက်တွဲဖြုတ်သွားပြီးနောက်မှာ ဥရောပ ကလပ်အသင်း တော်တော်များများနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အခု နောက်ဆုံး သတင်းထွက်ထားတာဆိုရင် ဇီဒန်းရဲ့ အသင်းဟောင်း ဂျုဗင်နဲ့ပါ။ ဒါပေမယ့် ဒီရက်ပိုင်းလေးမှ ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ ဇီဒန်းက သူ့အသင်းဟောင်းကို ပြန်သွားမှာဖြစ်ပြီး ဒီအသင်းက ဂျုဗင်မဟုတ်ပဲ ရီးယဲလ်သာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : India TV News

ရီးယဲလ်အသင်းအနေနဲ့ လက်ရှိ အသင်းနည်းပြကြီး ကားလို့အန်စလော့တီနဲ့ လက်တွဲဖြုတ်ဖြစ်ခဲ့မယ်ဆိုရင် အသင်း နည်းပြဟောင်း ဇီဒန်းကို နည်းပြရာထူး ပြန်ပေးလိမ့်မယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာပါတယ်။ လတ်တလောမှာ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်က ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် အန်စလော့တီကို ခန့်အပ်သွားချင်နေပြီး ဆက်သွယ်မှုတွေ ပြုလုပ်လျက်ရှိရာ ရီးယဲလ်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ရှိနေမယ်ဆိုတဲ့ အန်စလော့တီအနေနဲ့ သူရဲ့စိတ်ကူးတွေ ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Twitter

ဒီလိုသာ အပြောင်းအလဲ ဖြစ်လာမယ်ဆိုရင် ရီးယဲလ်အနေနဲ့ အန်စလော့တီနေရာမှာ ချက်ချင်း အစားထိုးဖို့အတွက် ဇီဒန်းကို ဆက်သွယ်ထားတယ်လို့ သိရှိရပါတယ်။ ရီးယဲလ်အသင်းမှာ ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ကျင်လည်ခဲ့ဖူးတဲ့ ဇီဒန်းဟာ ကစားသမားဘဝနဲ့ ဆုဖလား (၆)လုံး နည်းပြဘဝနဲ့ ဆုဖလား (၁၁)လုံးကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဇီဒန်းရဲ့ အထင်ကရ အောင်မြင်မှုကတော့ ရီးယဲလ် နည်းပြအဖြစ် ကိုင်တွယ်ရင်း ၂၀၁၅-၂၀၁၆ ၊ ၂၀၁၆-၂၀၁၇ ၊ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ (၃)ရာသီဆက်တိုက် ဥရောပ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

ဇီဒန်းဟာ ရီးယဲလ်အသင်းနဲ့ (၂)ကြိမ်တိုင်တိုင် လက်တွဲဖြုတ်ခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်ထိ အခြားသော အသင်းတစ်သင်းသင်းကို ကိုင်တွယ်ထားခြင်း မရှိသေးတာကြောင့် ဇီဒန်း နည်းပြနယ်ပယ်ထဲ ပြန်လည် ခြေချလာမယ့်အချိန် အန်စလော့တီလည်း ရီးယဲလ်နဲ့ လက်တွဲဖြုတ်မယ့်အချိန် အဲ့ဒီအချိန်နှစ်ခု တိုက်ဆိုင်နေမယ်ဆိုရင်တော့ ဇီဒန်းကို ရီးယဲလ်နည်းပြအဖြစ် ပြန်လည် မြင်တွေ့ရနိုင်ပါတယ်။

Exit mobile version